ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်တို့အမှုတွင် မအူပင်မှ လိုပြသက်သေ ၂ ဦးနှင့် သံတွဲမြို့မရဲစခန်းမှူးတို့အား ယနေ့ စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂ /၂၀၂၁
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့၏ ယနေ့ရုံးချိန်းတွင် မအူပင်မှ လိုပြသက်သေ ၂ ဦးနှင့် သံတွဲမြို့မရဲစခန်းမှူးတို့အား စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။
“ဒီနေ့ ၃ ယောက်စစ်တယ်။ မအူပင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂ ယောက်ရယ် သံတွဲမြို့မရဲစခန်းမှူးရယ်ကိုပေါ့။ နောက်ထပ် ၃ ယောက်ကျန်သေးတော့ ၂၉ ရက်နေ့ကိုချိန်းလိုက်တယ်” ဟု ပြောသည်။
၄င်းတို့ကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လာမည့်ဒီဇင်ဘာလ ၂၉ ရက်ရုံးချိန်းတွင် မအူပင်မှ စရဖ ၂ ဦးနှင့် မအူပင်မှ PDF ဟု စွပ်စွဲခံထားရသူ ၁ ဦးတို့ကို စစ်ဆေးသွားမည်ဟု သိရသည်။
တရားစွဲခံထားရသူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦး၊ ကျေက်ဖြူတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၉ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ