ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာမှနေအိမ်တစ်အိမ်ကို စစ်တပ်ကဝင်ရောက်ရှာဖွေ၍ မိသားစုများတိမ်းရှောင်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို လုံခြုံရေးလှည့်နေသည့် စစ်ကြောင်းတစ်ခုမှ စစ်သားများက ယနေ့ နံနက် ၁၁ နာရီခန့်က ဝင်ရောက်ရှာဖွေခဲ့သဖြင့် မိသားစုများ တိမ်းရှောင်နေရသည်ဟု ရှာဖွေခံရသူ အိမ်ပိုင်ရှင် ဦးဝင်းမောင်သန်းက ပြောသည်။
“ ကျွန်တော်က အလုပ်နဲ့ ရွာအပြင်ကိုရောက်နေတာပါ။ ကျွန်တော်တို့ အိမ်ကို ဝင်ရှာတယ်လို့ ရွာသားတွေကအကြောင်းကြားလာတယ်။ အိမ်မှာဇနီးနဲ့ ယောက်ခမ အမဖြစ်သူတို့ ရှိတယ်။ အခုသူတို့လည်း ကြောက်ပြီး ထွက်ပြေး သွားကြတယ်လို့ ပြောတယ်။ ဘယ်ကိုရောက်နေလည်းဆိုတာ အဆက်အသွယ် မရသေးဘူး။ ဘာအကြောင်းနဲ့စစ်တယ်။ ဘာတွေမေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး” ဟု ပြောသည်။
ထိုသို့ ရှာဖွေခံရသဖြင့် နေအိမ်ရှိ အိမ်သားများမှာ အိမ်ကိုမပြန်ရဲဘဲ ရှောင်တိမ်းနေကြသည်ဟု ၎င်းကဆိုသည်။
“ ဘာကြောင့် ဝင်ရောက် ရှာဖွေတယ်ဆိုတာကို မသိရသေးတဲ့ အတွက် အိမ်မပြန်ရဲကြဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း အတိအကျ မသိဘူး။ စိုးရိမ်ပြီး အိမ်မပြန်ရဲ ဖြစ်နေကြပါတယ်” ဟု ပြောသည်။
၄င်းစစ်ကြောင်း၌ စစ်သားအင်အား ၄ဝ ကျော်ပါဝင်ပြီး လွန်ခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ခရိုင်ကျေးရွာအုပ်စု အတွင်းသို့ ဝင်ရောက်လာပြီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် စခန်းချနေသည်ဟု ၎င်းက ဆိုသည်။
ခရိုင်ကျေးရွာက အမည်မဖော်လိုသူ ရပ်ရွာတာဝန်ရှိသူ တစ်ဦးက “သူတို့က နယ်မြေအေးချမ်းရေး အတွက် လာကြည့်တာလို့ပြောတယ်။ ဒီလအစပိုင်းမှာ ပထမ တပ်တစ်ခု ရောက်ခဲ့သေးတယ်။ ဘာမှ မဖြစ်ခဲ့ဘူး။ အခုတပ်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ရောက်တာ။ အဲလိုမျိုး မေးတာမြန်းတာတွေ လုပ်နေတယ်လို့ သိရတယ်။ ကျွန်တော်တို့ အိမ်ကိုတော့ လာမမေးပါဘူး” ဟုပြောသည်။
၄င်းတို့ကျေးရွာအတွင်းသို့ လွန်ခဲ့သည့် ဒီဇင်ဘာ ၄ ရက်ခန့်က စစ်ကြောင်း တစ်ခုရောက်ရှိလာပြီး ၇ ရက်နေ့ခန့်က ပြန်ထွက်သွားကြောင်း၊ ယင်းနောက် ယခုတဖန် ငပလီမြို့မှ အမှတ် (၅၅) တပ်ရင်းမှ တပ်သား ၄ဝ ကျော် လုံခြုံရေး ဆောင်ရွက်ရန် ရောက်ရှိလာခဲ့ပြီး ဦးဝင်းမောင်သန်းနေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်း ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ရခိုင်ပြည်နယ် ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ရာ ဖုန်းမကိုင်သဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်ဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။
၄င်းခရိုင်ကျေးရွာအုပ်စုတွင် ရပ်ကွက်ငယ် ၄ ခုနှင့် လူဦးရေ ၂ ထောင်ခန့် နေထိုင်ပြီး တောင်ကုတ်မြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် တည်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ