ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးခံထားရသည့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကို ဒုတိယအကြိမ် ရမန်ထပ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/၂၀၂၁
PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးကို ဒုတိယအကြိမ်ရမန်ထပ်ယူလိုက်ေကြောင်း သိရသည်။
ကိုမင်းကိုဦးကို ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံးတွင် လာမည့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်အထိ ဒုတိယအကြိမ် ရမန် ၂ ပတ်ထပ်ယူလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ့ ဒေါ်သိင်္ဂ ီမောင်က နိရဥ္စရာကိုပြောသည်။
"အမှုကတော့ ရုံး မတင်သေးဘူး။ ဒီနေ့ကတော့ ဒုတိယအကြိမ် ရမန်ထပ်ယူတဲ့ ရုံးချိန်းပါ"ဟုပြောသည်။
ဖမ်းဆီးခံရသောသူမှာ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး ဖြစ်ကြောင်း သိရသည်။
သူ့ကို PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် သူ၏နေအိမ်အတွင်းမှဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့်အမှုဖွင့်ခံထားရကြောင်း သိရသည်။
ကိုမင်းကိုဦး၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း သိရသည်။
သူ၏ဖခင် ဦးခင်မောင်စိန်က သိမ်းဆည်းခံထားရသော သူ့သား၏ကွန်ပျူတာနှင့်ဖုန်းတွင် PDF နှင့်ဆက်စပ်သော သံသယဖြစ်စရာ တစ်စုံတစ်ရာမရှိသလို AA ကိုထောက်ပံ့သည့်သံသယလည်း တစ်စုံတစ်ရာမရှိကြောင်းကို တောင်ကုတ်စခန်းမှူးကပြောသည်ဟု နိရဥ္စရာကိုပြောသည်။
"ကျနော့်သားမှာ သံသယဖြစ်စရာတစ်စုံတစ်ရာမှ မရှိဘူး။ လူတွေအတွက် ပရဟိတလုပ်နေတာပါ။ ဒါကြောင့် အမှုကို မှန်မှန်ကန်ကန်ဖြစ်စေချင်တယ် "ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှူးအားဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(၂၄ နှစ်)၊ သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်၊ တောင်ကုတ်မြို့မှ ဒေါ်ချယ်ရီသက်ရှည် (၄ဝ နှစ်)နှင့် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ကိုလည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲထိန်းသိမ်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ