ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝတွင် လူမှုရေးဆောင်ရွက်နေသူ အမျိုးသား ၂ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.5k


မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉ /၂၀၂၁
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ လူမှုရေးဆောင်ရွက်နေသူ ရခိုင်အမျိုးသား၂ ဦးကို ရဲနှင့်စစ်တပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
၎င်းတို့ နှစ်ဦးမှာ ပလက်ဝ၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆) နှစ်နှင့် ရုပ်ဝအခြေခံပညာ စာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးတို့ဖြစ်ကြသည်ဟု မိသားစုများက ပြောကြားသည်။
သူတို့အား ယမန်နေ့ည ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
မြို့ခံတစ်ဦးက “သူတို့ကို တပ်ကခေါ်ယူပြီးတော့ တပ်ကနေ ရဲစခန်းကိုပို့ထားတယ်။ ဘာကြောင့်နဲ့အဖမ်းခံရသလဲ ဆိုတာကိုတော့ မသိဘူး” ဟုပြောသည်။
လက်ရှိအချိန်တွင် သူတို့ ၂ ဦးအား ပလက်ဝမြို့မရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားပြီး မိသားစုနှင့် တွေ့ဆုံခွင့် မရသေးသဖြင့် စိုးရိမ်နေကြောင်း ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“မနေ့ကညနေလောက်က ကိုတင်ထွန်းအောင် အိမ်ကို လာရှာကြတယ်။ အဲတုန်းကသူက အမေကို ထမင်းချိုင့်သွားပို့တယ်။ နောက်ပြီးလမ်းမှာတွေ့လို့ ဖမ်းသွားတယ်လို့ သိရတယ်။ မနေ့က ၇ နာရီခွဲ လောက်မှာ ရဲစခန်းမှာ ရှိသေးတယ်။ ပြီးတော့ ခလရ ၂၈၉ တပ်ကို ခေါ်သွားပြီး အဲဒီကနေ ည ၈ နာရီခွဲလောက်မှာ ရဲစခန်းကို ပြန်ရောက်လာတယ်။ အမှန်တရားတွေကို ပြောလို့ဖမ်းတာထင်တယ်။ လူမှုရေးလုပ်တာကတော့ အခုခေတ်မှာအားလုံးက လုပ်နေကြတာပဲ” ဟုပြောသည်။
ကိုတင်ထွန်းအောင်သည် နေပြည်တော်၊ ပုပ္ဗသီရိဆေးရုံတွင် ဓာတ်မှန် ၃ အဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး မိခင်နေမကောင်း၍ လောလောဆယ်ခွင့်ဖြင့် ပလက်ဝသို့ ရောက်ရှိနေသူဖြစ်ကြောင်း သိရသည်။
ကိုတင်ဦးမှာ ပလက်ဝမြို့ရှိစစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်သူဖြစ်ပြီး ကိုတင်ထွန်းအောင်နှင့်အတူ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများ၊ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေကြသူလည်း ဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ နိရဥ္စရာသတင်းဌာနက ပလက်ဝမြို့မရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
၎င်းတို့ ၂ ဦးမှာ သတင်းဌာနများသို့ အင်တာဗျူးများ ပါဝင်ဖြေဆိုထားခြင်းကြောင့် ဖမ်းဆီးခံရသည်ဟုဆိုကာ ပလက်ဝမြို့တွင် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ