ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိလိုက်စားမှုအမှုကို ဇန်နဝါရီ ၁၂ ရက်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂ဝ၂၁
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိလိုက်စားမှုအမှုကို လာမည့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အပြီးသတ်လျှောက်လဲချက်ယူတော့မည်ဟု သိရသည်။
၄င်းတို့အမှုတွ် စစ်ဆေးရန်ကျန်နေသေးသည့် ပြန်ခေါ်သက်သေအားလုံးကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ စစ်ဆေးပြီးနောက် ဝန်ကြီးဟောင်းများ၏ အဂတိအမှုကို အပြီးသတ်လျှောက်လဲချက်ယူရန် ထပ်မံရုံးချိန်းခဲ့ခြင်းဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက နိရဥ္စရာအားပြောသည်။
“သက်သေတွေကအားလုံးစစ်လို့ပြီးသွားပါပြီ။ ဝန်ကြီးအားလုံးကိုပါ။ လာမယ့်ရုံးချိန်းနေ့မှာ အပြီးသတ်လျှောက်လဲချက်ကြားနာမှာပါ” ဟုပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) ဖြင့်တရားစွဲခံနေရသည့် ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅) မှာ အများဆုံး ထောင်ဒဏ်(၁၅) နှစ်ချမှတ်နိုင်သည့် အမှုဖြစ်ကြောင်း သူကဆက်ပြောသည်။
၄င်းတို့အထဲမှ ဦးညီပုနှင့် ဦးမင်းအောင်တို့ကို လွန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့က ရွေးကောက်ပွဲနှင့်ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်သည့်အများဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သည့် ပုဒ်မ ၁၃ဝ(က)ဖြင့် ထပ်မံတရားစွဲထားကြောင်း သိရသည်။
ယင်းအပြင် ဦးညီပုသည် နိုင်ငံတော်ကြည်ညိုပျက်စေမှုပုဒ်မဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။

ဆက်စပ် သတင်းများ