ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝမှ ကိုတင်ထွန်းအောင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံရပြီး ရမန် ၂ ပတ်ယူထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁ /၂ဝ၂၁
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ဖမ်းဆီးစစ်ဆေးခံနေရသည့် လူမှုရေးဆောင်ရွက်နေသူ ရခိုင်အမျိုးသား ကိုတင်ထွန်းအောင်သည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရပြီး ရမန် ၂ ပတ်ယူထားကြောင်း မိသားစုဝင်များက ပြောသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(က)ဖြင့် ပလက်ဝမြို့မရဲစခန်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၃ဝ ရက်က အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“၅၀၅(က)နဲ့ရမန်ယူထားပါတယ်။ ခလရ ၂၈၉ ကိုပဲ ရမန်သွားပို့ရတယ်။ တရားလိုကတော့ စစ်တပ်ဘက်ကပဲ။ နယ်မြေခံတပ်ရင်းကလား၊ ဘယ်ကလဲတော့ အတိအကျမသိရသေးဘူး”ဟုပြောသည်။
ကိုတင်ထွန်းအောင်ကို လာမည့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်အထိ ရမန်ယူထားခြင်းဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ နိရဥ္စရာသတင်းဌာနက ပလက်ဝမြို့မရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
လက်ရှိတွင် သူ့ကို ပလက်ဝနယ်မြေခံတပ်ရင်း ခလရ ၂၈၉ တွင် ထိန်းသိမ်းထားသည်ဟုလည်း သိရသည်။
ကိုတင်ထွန််းအောင်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ဒီဇင်ဘာလ ၂၈ ရက် ည ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းနောက် ကိုတင်ဦးသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။
၎င်းတို့ ၂ ဦးမှာ စစ်တပ်တွင် အလံဖြူထောင်သည့်ကိစ္စကို သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေဆိုထားခြင်းကြောင့် ဖမ်းဆီးခံရသည်ဟုဆိုကာ ပလက်ဝမြို့တွင် သတင်းများထွက်ပေါ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
၄င်းတို့ ၂ ဦးအနက် ကိုတင်ထွန်းအောင်သည် နေပြည်တော်၊ ပုဗ္ဗသီရိဆေးရုံတွင် ဓာတ်မှန် ၃ အဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး မိခင်နေမကောင်း၍ လောလောဆယ်ခွင့်ဖြင့် ပလက်ဝသို့ ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ကိုတင်ဦးမှာ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင်နေထိုင််ပြီး ကိုတင်ထွန်းအောင်နှင့်အတူ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပြီး လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ