ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မိုးပညာဒါနကျောင်းဉက္ကဋ္ဌဦးအောင်ဝင်းနိုင်အား မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စွဲချက်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဇန်နဝါရီ ၁၁/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို ယနေ့ဇန်နဝါရီလ ၁၁ ရက်ရုံးချိန်းတွင် တောင်ကုတ်မြို့နယ်တရားရုံး၌ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်လိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။
"ဒီနေ့စွဲချက်တင်တယ် ပုဒ်မ၁၇ (၁)နဲ့။ နောက်ရုံးချိန်းမှာတော့ တရားခံကိုစစ်ဆေးသွားမယ်"ဟုပြောသည်။
၄င်းကို လာမည့် ဇန်နဝါရီလ ၁၇ ရက်တွင် ထပ်မံရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိရသည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်။
သူနှင့်အတူဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မရသေးပါ။
ဦးအောင်ဝင်းနိုင်တရားစွဲခံထားရသည့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

ဆက်စပ် သတင်းများ