ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဦးစိန်ချစ်တို့အမှုတွင် မအူပင်မှလိုပြသက်သေ ၂ ဦး ရခိုင်သို့ရုံးချိန်းလာရန်အဆင်မပြေ၍ Video Conferencing ဖြင့်စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဇန်နဝါရီ ၁၉ /၂၀၂၂
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အမှုတွင် ကျန်ရှိသည့် မအူပင်မှလိုပြသက်သေ ၂ ဦးကို လာမည့်ရုံးချိန်း၌ Video Conferencing စနစ်ဖြင့် စစ်ဆေးသွားမည်ဟု သိရသည်။
ဦးစိန်ချစ်တို့အား ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ်တွင် သံတွဲမြို့နယ်တရားရုံး၌ရုံးထုတ်ခဲ့ပြီး စစ်ဆေးရန်ကျန်နေသေးသည့် မအူပင်မှ လိုပြသက်သေ စရဖ ၂ ဦးကို ယနေ့တွင် စစ်ဆေးရမည်ဖြစ်သော်လည်း ၄င်းတို့သည် ရခိုင်သို့ရုံးချိန်းလာရောက်ရန် အဆင်မပြေသဖြင့် ဖေဖော်ဝါရီလ ၂ ရက်ရုံးချိန်းတွင် Video Conferencing စနစ်ဖြင့် စစ်ဆေးရန် ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရ ဉ္စရာသို့ ပြောသည်။
“ဒီအမှုမှာက လိုပြသက်သေ ၂ ယောက်က ရုံးကိုလာပြီး သက်သေလုပ်ဖို့အဆင်မပြေတဲ့အတွက် video conferencing နဲ့ စစ်ဖို့အတွက် မြို့နယ်အရာရှိက လျှောက်ထားတယ်။ လာမဲ့ ၂ ရက်နေ့မှာ video conferencing နဲ့ စစ်ဆေးသွားမယ်” ဟုပြောသည်။
ဦးစိန်ချစ်တို့အမှုတွင် မအူပင်မှ လိုပြသက်သေ ၃ ဦးကိုစစ်ဆေးရန်ရှိပြီး ယင်းအနက် ၁ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရုံးချိန်းတွင် စစ်ဆေးနိုင်ခဲ့သည်ဟု သိရသည်။
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁ဝ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကိုလည်း အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးစိန်ချစ်သည် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရချိန် အစာအိမ်ရောဂါခံစားနေရသဖြင့် ဆေးဝယ်သောက်နေရသည်ဟုလည်း ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။
“ကိုစိန်ချစ်ကတော့ အစာအိမ်ကြောင့် ဆေးတွေဝယ်သောက်နေရလို့ အာလဂျစ်တွေ ပေါ်တာတွေရှိတယ် အရင်ရုံးချိန်းတွေတုန်းက။ ဒီနေ့မှာတော့ နေကောင်းပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။
-------------------------------

ဆက်စပ် သတင်းများ