ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးအမှုကို ဇန်နဝါရီ ၂၆ ရက်နောက်ပိုင်းမှ စတင်စစ်ဆေးနိုင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၂
PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးအမှုကို လာမည့်ဇန်နဝါရီ ၂၆ ရက်နောက်ပိုင်းမှသာ စတင်စစ်ဆေးနိုင်မည်ဟု သိရသည်။
ကိုမင်းကိုဦးအမှုနှင့်ပတ်သက်ပြီး မှုခင်းစီမံခန့်ခွဲရေး(CMP)စနစ် အစည်းအဝေးကို လာမည့် ဇန်နဝါရီလ ၂၆ ရက်တွင် အပြီးသတ်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းမှ အမှုနှင့်ပတ်သက်သည့်တရားလိုကို စတင်စစ်ဆေးနိုင်မည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
"နောက်တစ်ပတ်ကျရင် မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးအပြီးသတ်လုပ်ပြီးရင် တရားလိုတွေကို စစ်ဆေးတော့မှာပါ"ဟု ပြောသည်။
ကိုမင်းကိုဦးအမှုကို ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် သံတွဲခရိုင်တရားရုံးတွင် မူခင်းစီမံခန့်ခွဲမှုရေးအကြိုအစည်းအဝေးပြုလုပ်ခဲ့သည်ဟုလည်း ဒေါ်သိင်္ဂီမောင်က ပြောသည်။
မှုခင်းစီမံခန့်ခွဲရေး(CMP)စနစ်သည် တရားစီရင်ရေးမြန်ဆန်စေရန်စစ်ဆေးသည့်စနစ်ဖြစ်သည်ဟု သိရသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခံထားရကြောင်း မိသားစုဝင်များက ပြောသည်။
သူ၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း သိရသည်။
သူ၏ဖခင် ဦးခင်မောင်စိန်က သူ၏သားသည် PDF နှင့်ဆက်စပ်သော သံသယဖြစ်စရာ တစ်စုံတစ်ရာမရှိသည့်အတွက် အမြန်ဆုံးလွှတ်ပေးစေချင်သည်ဟု ပြောသည်။
"အပြစ်မရှိတော့ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်"ဟု ပြောသည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှူးအားဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ