ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌအမှုတွင် တရားလိုနှင့် လိုပြသက်သေများကို ဖေဖော်ဝါရီ ၇ ရက်၌ စတင်စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၆/၂၀၂၂
PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးအမှုတွင် တရားလိုနှင့် လိုပြသက်သေကို လာမည့် ဖေဖော်ဝါရီ ၇ ရက်တွင် စတင်စစ်ဆေးတော့မည်ဟု သိရသည်။
ယင်းနေ့တွင် သံတွဲခရိုင်တရားရုံး၌ တရားလို ၁ ဦးနှင့် တရားလိုပြသက်သေ ၂ ဦးကို စတင်စစ်ဆေးမည်ဖြစ်ပြီး ယင်း ၃ ဦးအနက် တစ်ဦးဦးရောက်မလာသော်လည်း လူအစားထိုးစစ်ဆေးသွားမည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာကို ပြောသည်။
"နောက်လာမယ့် ဖေဖော်ဝါရီ ၇ ရက်မှာ တရားလိုနဲ့ လိုပြသက်သေ ၃ ယောက်ကို စတင်စစ်ဆေးမယ်။ ၃ ယောက်ထဲမှာ ၁ ယောက်ယောက်မလာနိုင်ရင် လူအစားထိုးပြီး စစ်ဆေးသွားမှာပါ"ဟု ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲထားပြီး သူ၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ