ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြေပုံမြို့နယ်မှကိုနေဝင်းစိုးကို ရက်ပေါင်း ၈ဝ အထိ အဆက်အသွယ်မရသေး၍ အသက်အန္တရာယ်စိုးရိမ်နေကြောင်း မိသားစုပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/ ၂ဝ၂၂
AA တပ်ဖွဲ့ဝင်ဟု သံသယဖြင့် ဖမ်းဆီးခံရသည့် မြေပုံမြို့နယ်မှ ကိုနေဝင်းစိုးကို ရက်ပေါင်း ၈ဝ ကြာသည်အထိ အဆက်အသွယ်မရသေး၍ အသက်အန္တရာယ်စိုးရိမ်နေကြောင်း မိသားစုများက ပြောသည်။
မြေပုံမြို့နယ် စိတ္တရကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုနေဝင်းစိုး လွန်ခဲ့သည် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့မှမြေပုံသို့အပြန် အမ်းမြို့ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် ယနေ့ ဇန်နဝါရီလ ၂၇ ရက်အထိ ရက်ပေါင်း ၈ဝ ကြာသည်အထိ အဆက်အသွယ်မရဖြစ်နေပြီး မိသားစုဝင်များက ၎င်း၏ အသက်နှင့် ခန္ဓာကိုယ်အတွက် စိုးရိမ်မိကြောင်း ပြောသည်။
ကိုနေဝင်းစိုး၏ဖခင် ဦးဝင်းမြင့်က “AA လို့ထင်ပြီးဖမ်းတယ်လို့ပြောတာပဲ။ သွားလည်းမသွားရဲဘူး။ စုံလည်းမစုံစမ်းရဲဘူး။ သူနဲ့ပတ်သက်ပြီး မိသားစုဝင်ဆိုပြီး ဖမ်းသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးပေါ့။ သူ့သတင်းအစအနလေးတော့ လိုချင်တယ်။ ဖြစ်နိုင်ရင် ဖုန်းပြောချင်တယ်။ လွတ်လာရင်တော့ ပိုကောင်းတာပေါ့။ စိုးရိမ်တယ်။ အသက်အန္တရာယ်၊ အသက်နဲ့ခန္ဓာကိုစိုးရိမ်တာပေါ့” ဟုပြောသည်။
ကိုနေဝင်းစိုးမှာ ကျောက်ကပ်ဝေဒနာသည်တစ်ဦးဖြစ်ပြီး ဖမ်းဆီးမခံရခင်ရက်ပိုင်းအလိုက ဆီးလုံးဝမသွားနိုင်သည့်အခြေအနေဖြင့် ရန်ကုန်သို့ဆေးကုသမှုခံယူရန်သွားရောက်ခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရွှေညီအစ်ကို Express ကားဖြင့် နေရပ်ပြန်ခဲ့ရာ အမ်းစစ်ဆေးရေးဂိတ်တွင် စစ်တပ်နှင့် လဝကပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ပြောပြချက်အရ သိရသည်။
ရွှေညီအစ်ကို ကားဂိတ်တာဝန်ရှိသူတစ်ဦးကလည်း ကိုနေဝင်းစိုးဖမ်းဆီးခံရခြင်းအား ကားပေါ်ပါလာသူခရီးသွားဧည့်သည် အားလုံးတွေ့မြင်ခဲ့ပြီး သူ၏ဖုန်းကိုစစ်ဆေးရာတွင် မသင်္ကာသည့် ဓာတ်ပုံအချို့တွေ့သည်ဟုဆိုကာ ဖမ်းဆီးထားလိုက်ခြင်းဖြစ်ကြောင်း နိရဥ္စရာအား ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းသို့ လွန်ခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က မေးမြန်းရာတွင် ကိုနေဝင်းစိုးမှာ ရဲစခန်းတွင် မရောက်ရှိသဖြင့် သိရှိခြင်းမရှိကြောင်းပြောဆိုခဲ့ပြီး ယနေ့ ထပ်မံဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ