ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်ဝင်းနိုင်၏ ပို့ကုန်သွင်းကုန်အမှုတွင် လိုပြသက်သေ ၁ လကျော်ခန့်ကြာမရောက်၍ အမှုကို မစစ်ဆေးနိုင်သေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စွဲချက်တင်ခံထားရသည့် ဦးအောင်ဝင်းနိုင်၏ နောက်ထပ်အမှုတစ်ခုဖြစ်သော ပို့ကုန်သွင်းကုန်အမှုတွင် တရားလိုပြသက်သေ မရောက်သည်မှာ ၁ လကျော်ခန့်ကြာမြင့်နေပြီဖြစ်၍ အမှုအားဆက်လက်မစစ်ဆေးနိုင်ဖြစ်နေကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။
"လိုပြသက်သေမရောက်လို့ မစစ်ဖြစ်ဘူး။ တရားလိုကတော့ စစ်ပြီးပြီ။ လိုပြသက်သေတွေကလည်း လူကြီးခရီးစဉ်တွေနဲ့ဆိုတော့ မလိုက်ဖြစ်ဘူး။ ၁ လကျော်လောက်တော့ရှိပြီထင်တယ်"ဟုပြောသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းနိုင်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်ကျော်ဇေယျာဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်ကိုစတင်ဖမ်းဆီးစဉ်က စီးသည့်ကားမှာ လိုင်စင်မဲ့၍ ယခုကဲ့သို့ စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဦးအောင်ဝင်းသည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်လည်း စွဲချက်တင်ခံထားရပြီး တရားခံပြသက်သေ ၁ ဦးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။
"ဒီနေ့အောင်ဝင်းနိုင်ဘက်က တရားခံပြသက်သေကို စစ်တယ်။ ခံပြသက်သေ ၁ ယောက်စစ်တယ်"ဟု ပြောသည်။
ဦးအောင်ဝင်းနိုင်၏ ၁၇(၁)အမှုကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်တွင် ထပ်မံရုံးချိန်းလိုက်ပြီး စစ်ဆေးရန်ကျန်နေသေးသည့် တရားခံပြသက်သေများကို ယင်းနေ့တွင် စစ်ဆေးသွားမည်ဟု ဆိုသည်။
ဦးအောင်ဝင်းနိုင်၏ ၁၇(၁)အမှုတွင် ခံပြသက်သေ ၅ ဦးရှိသည်ဟုလည်း သိရသည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
သူသည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်တွင် ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်အမိန့်ချမှတ်ခံခဲ့ရသည်။
သူနှင့်အတူဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မရသေးပါ။
ဦးအောင်ဝင်းနိုင်သည် ဖမ်းဆီးစစ်ဆေးခံရစဉ်က ရရှိခဲ့သည့်ဒဏ်ရာများကြောင့် လက်ရှိအချိန်အထိ ရင်ဘတ်များအောင့်နေသည့်အတွက် ဆေးဝယ်တိုက်နေရကြောင်း မိသားစုက ပြောသည်။

ဆက်စပ် သတင်းများ