ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မဖြင့်ဖမ်းဆီးခံထားရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်အား မိသားစု တွေ့ခွင့်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ /၂ဝ၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်စစ်ဆေးခံနေရသည့် ကိုတင်ထွန်းအောင်ကို ယနေ့တွင် ပလက်ဝမြို့နယ်တရားရုံး၌ တွေ့ခွင့်ရခဲ့ပြီဟု မိသားစုတစ်ဦးက ပြောသည်။
"သူနဲ့တွေ့ခဲ့ရတယ် တရားရုံးထဲမှာ။ တရားခွင်မှာသူရောက်တုန်း မြင်လိုက်တယ်၊ စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်ရတယ်။ မျက်နှာတွေတော့ လန်းနေပါတယ်။ မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာရထားတာတော့ မရှိဘူး။ ဗိုက်အောင့်တာလည်း သက်သာလာပြီပြောတယ်။ ဆေးခန်းပြခွင့်တော့ ရဲစခန်းကို တောင်းထားတယ်"ဟု ပြောသည်။
ကိုတင်ထွန်းအောင်ကိုယူထားသည့် ရမန်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင်ပြည့်မြောက်ပြီဖြစ်၍ ယနေ့နံနက်တွင် ပလက်ဝမြို့နယ်တရားရုံးသို့ ရုံးထုတ်ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။
တရားရုံးတွင် မည်သည့်အရာများကိုစစ်ဆေးခဲ့သည်ကို မိသားစုဝင်များအနေဖြင့်မသိခဲ့ရဘဲ လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင်ရုံးချိန်းရှိသည်ဟုသာ တရားရုံးကပြောဆိုခဲ့ကြောင်း မိသားစုများက နိရဥ္စရာကို ပြောသည်။
ကိုတင်ထွန်းအောင်အား လက်ရှိအချိန်ထိ မည်သည့်အတွက်ကြောင့် ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင့်လည်းမသိရသေးသလို သူ၏လက်ရှိအခြေအနေအား သေချာမသိသေးသောကြောင့် ရှေ့နေလည်း မငှားရသေးဟု ပြောသည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် ပုဒ်မ ၅ဝ၅(က)ဖြင့် ပလက်ဝမြို့မရဲစခန်းတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ဝ ရက်က အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
ကိုတင်ထွန််းအောင်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းနောက် ကိုတင်ဦးသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။
၎င်းတို့ ၂ ဦးမှာ စစ်တပ်တွင် အလံဖြူထောင်သည့်ကိစ္စကို သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေဆိုထားခြင်းကြောင့် ဖမ်းဆီးခံရသည်ဟု ပလက်ဝမြို့ ဒေသခံများက ပြောသည်။
၄င်းတို့ ၂ ဦးအနက် ကိုတင်ထွန်းအောင်သည် နေပြည်တော်၊ ပုဗ္ဗသီရိဆေးရုံတွင် ဓာတ်မှန် ၃ အဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး မိခင်နေမကောင်း၍ လောလောဆယ်ခွင့်ဖြင့် ပလက်ဝသို့ ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ကိုတင်ဦးမှာ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင်နေထိုင််ပြီး ကိုတင်ထွန်းအောင်နှင့်အတူ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပြီး လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ