ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်တပ်ထောက်ခံပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

ထက်အောင်၊ မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၃၁ / ၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်တပ်မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များပါဝင်သည့် အင်အား ၅ဝဝ ခန့်က စစ်တပ်ထောက်ခံပွဲတစ်ခုကို ယနေ့နံနက်က ပြုလုပ်ခဲ့ကြသည်။
၄င်းတို့သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၁ဝ နာရီခန့်မှစတင်ကာ စစ်တွေမြို့ လေယာဉ်ကွင်းလမ်းရှိ အသျှင်စန္ဒြမုနိဗိမာန်မှစတင်၍ မေယုလမ်းအတိုင်း ဝေသာလီအားကစားကွင်းအထိ လမ်းလျှောက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
လမ်းတစ်လျှောက်တွင်လည်း “တပ်မတော်အားထောက်ခံပါသည်”၊ “အိမ်စောင့်အစိုးရအားထောက်ခံပါသည်”၊ “PDF , NUG အလိုမရှိ”စသည့်အချက်များကို ကြွေးကြော်ခဲ့ကြသည်။
ယနေ့နေ့လယ်တွင် ရခိုင်ရှိ အခြားမြို့အချို့တွင်လည်း ယခုကဲ့သို့ တပ်ထောက်ခံပွဲများ ဆက်လက်ကျင်းပရန်ရှိသည်ဟု သိရသည်။
စစ်တွေတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်ကလည်း စစ်တပ်ထောက်ခံပွဲကို စစ်တပ်မိသားစုဝင်များဦးဆောင်၍ လူဦးရေ ၁ ထောင်ခန့်ဖြင့် စစ်တွေလေယာဉ်ကွင်းလမ်းမှ ဝေသာလီအားကစားကွင်းအထိ လမ်းလျှောက်ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ စစ်တွေအပါအဝင် ကျောက်ဖြူ၊ ဂွ၊ အမ်း၊ ငပလီ၊ တောင်ကုတ်မြို့တို့တွင်လည်း စစ်တပ်မိသားစုဝင်များက တပ်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။
အလားတူ စစ်တွေအပါအဝင် ရခိုင်ရှိ အခြားမြို့အချို့တို့တွင်လည်း ဖေဖော်ဝါရီလအတွင်း စစ်တပ်ထောက်ခံပွဲများကို ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - ယနေ့ ဇန်နဝါရီ ၃၁ ရက်နံနက်က စစ်တွေတွင်ပြုလုပ်ခဲ့သည့်ပွဲအားတွေ့ရစဉ်။ Photo - ထက်အောင်၊ မြထွီးသျှင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ