ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင် မြို့ ၉ မြို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့မှု ရခိုင်ပြည်သူများအပေါ်အကျိုးသက်ရောက်မှုမရှိနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.4k

ချစ်အိလှိုင်၊ သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၃၁ / ၂၀၂၂
ရခိုင်ပြည်နယ်မှ မြို့ ၉ မြို့ရှိ စစ်တပ်အသိုင်းအဝိုင်းက စစ်တပ်ထောက်ခံပွဲများကို ယနေ့တွင် တပြိုင်တည်းပြုလုပ်ခဲ့ကြပြီး ယင်းသို့ပြုလုပ်ခဲ့မှုမှာ ရခိုင်ပြည်သူများအပေါ် အကျိုးသက်ရောက်မှုမရှိနိုင်ဟု ရခိုင်နိုင်ငံရေးသမားများ ပြောသည်။
ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက "တပ်မတော်ရဲ့အကျိုးစီးပွားအတွက် တပ်မတော်ရဲ့မိသားစုတွေက၊ စစ်မှုထမ်းဟောင်းတွေလည်း ပါမှာပေါ့။ သူတို့က အဖြစ်သဘောနဲ့ လုပ်တယ်လို့ မြင်ပါတယ်။ တကယ်တော့ ပြည်သူလူထု ဝိုင်းရံမှု၊ စိတ်ပါဝင်စားမှု၊ ထောက်ခံမှုမရှိပါဘူး” ဟုပြောသည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်နှင့် နေ့လယ်ပိုင်းတို့တွင် ရခိုင်မှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့တို့တွင် စစ်တပ်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များက စစ်တပ်ထောက်ခံပွဲများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေးကလည်း နိုင်ငံရေးအားပြိုင်မှုတွင် ရခိုင်လူထုကို ကြားညှပ်မှုမရှိစေချင်ကြောင်း ပြောသည်။
“ဒါက နိုင်ငံရေးအားပြိုင်မှုတွေကြားမှာ ကြားညှပ်ခံရတဲ့ပြည်သူတွေကတော့ တော်တော်လေး သနားစရာကောင်းတယ်။ ကျွန်မတို့က ပြည်သူဆိုတဲ့နေရာမှာ ပြည်သူလို့မမြင်ဘူး။ တပ်မိသားစုတွေနဲ့ ပြည်ခိုင်ဖြိုး မိသားစုတွေ၊ နောက်ပြီး ရုံးပိုင်းဆိုင်ရာ အမှုထမ်းတွေအကုန်လုံးကို သိမ်းကျုံးပြီးခေါ်ထားတယ်လို့မြင်တယ်” ဟု ပြောသည်။
ယနေ့ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲများတွင် စစ်တပ်ထောက်ခံသူများက မြို့ပတ်လမ်းလျှောက်ကာ “တပ်မတော်အားထောက်ခံပါသည်”၊ “အိမ်စောင့်အစိုးရအားထောက်ခံပါသည်”၊ “PDF , NUG အလိုမရှိ”စသည့်အချက်များကိုလည်း ကြွေးကြော်ခဲ့ကြသည်။
တောင်ကုတ်တပ်ထောက်ခံပွဲတွင် ပါဝင်သူတစ်ဦးက “ရခိုင်ပြည်နယ်ထဲက အသံတွေကတော့ ဝေဖန်မှုတွေကတော့ မြင့်တက်နေပါတယ်။ အမြင်ကတော့ အမျိုးမျိုးရှိမှာပါ။ ကျနော်တို့လုပ်တဲ့ရည်ရွယ်ချက်က လောလောဆယ်မှာ နိုင်ငံတော်အာဏာကို နိုင်ငံတော် တာဝန်အရပ်ရပ်ကိုထမ်းဆောင်နေတဲ့ တပ်မတော်သားတွေက ကျနော်တို့တိုင်းရင်းသားတွေရဲ့လိုအပ်နေတဲ့၊ လိုလားနေတဲ့ စည်းကမ်းပြည့်ဝတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာဖို့အရေးမှာ အဓိကမောင်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသွားနေတဲ့တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအတွက် ထောက်ခံပေးရခြင်းဖြစ်ပါတယ်”ဟုပြောသည်။
အဆိုပါထောက်ခံပွဲများပြုလုပ်ရာတွင် စစ်တွေ၌ အင်အား ၅၀၀ ခန့်၊ အမ်းတွင် အင်အား ၁ဝဝ ကျော်၊ ဘူးသီးတောင်တွင် ကြံ့ခိုင်ရေးပါတီမိသားစုဝင်များ၊ စစ်တပ်တပ်ဖွဲ့ဝင်များ၊ သက္ကမလူမျိုးများ၊ အကျဉ်းဦးစီးမှမိသားစုဝင်များ စသည်ဖြင့် အင်အား ၂၀၀ ခန့်၊ မောင်တောမြို့တွင် မူဆလင်လူမျိုး ၂၀၀ ခန့်၊ တောင်ကုတ်မြို့တွင် အင်အား ၅၀၀ ခန့်၊ ကျောက်ဖြူတွင် အင်အား ၁ဝဝ ခန့်တို့ပါဝင်ခဲ့ကြသည်ဟု သိရသည်။
ရခိုင်တွင် စစ်တပ်ထောက်ခံပွဲများကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁ ရက်အထိနှင့် ဖေဖော်ဝါရီလအတွင်းတွင် စစ်တွေအပါအဝင် ကျောက်ဖြူ၊ ဂွ၊ အမ်း၊ ငပလီ၊ တောင်ကုတ်တို့တွင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ