ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့၏ ရွေးကောက်ပွဲနှင့်ဆိုင်သောအမှုမှ တရားလိုကို စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

ထက်အောင်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇/ ၂၀၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့ရင်ဆိုင်နေရသည့် ရွေးကောက်ပွဲနှင့်ဆိုင်သောအမှုမှ တရားလိုကို ယနေ့စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ရှေ့နေထံမှ သိရသည်။
တရားလိုဖြစ်သည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ်ကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်ရုံးချိန်းတွင် စစ်တွေအကျဥ်းထောင် အထူးတရားရုံး၌ စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးဝင်းအောင်က ပြောသည်။
“ဦးညီပုတို့ကို ဒီနေ့မှာ ရုံးထုတ်ပါတယ်။ ဒီနေ့မှာတော့ တရားလိုကို စစ်ပါတယ်။ ထောင်အနီးက အထူးတရားရုံးဆိုပြီးရှိတယ်။ အဲဒီမှာ လူချင်းတွေ့ပြီး ရုံးထုတ်တာပါ” ဟု ပြောသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲသမာမှုကိစ္စရပ်များကို ပြုလုပ်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်မံတရားစွဲဆိုခံထားရသည်။
ဦးညီပုတို့ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းနှင့် နောက်ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း ရှေ့နေဦးဝင်းအောင်က ပြောသည်။
သူတို့နှစ်ဦးအနက် ဦးညီပုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်သည် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ