ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ၏ တရားလို ၁ ဦးနှင့် လိုပြသက်သေ ၂ ဦးတို့ကို ယနေ့ စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k


သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၇ /၂၀၂၂
PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးအမှုတွင် တရားလို ၁ ဦးနှင့် လိုပြသက်သေ ၂ ဦးတို့ကို ယနေ့ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားလို ၁ ဦးနှင့် တရားလိုပြသက်သေများဖြစ်သော ဒုရဲအုပ်လင်းကိုကိုနိုင်နှင့် တပ်ကြပ်ကြီး သန်းမောင်တို့ကို ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် နံနက် ၁ဝ နာရီခွဲတွင် သံတွဲခရိုင်တရားရုံး၌ စတင်စစ်ဆေးခဲ့သည်ဟု အမူကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က နိရဥ္စရာကိုပြောသည်။
နောက်ထပ်တရားလိုနှင့် လိုပြသက်သေ ၃ ဦးကို လာမည့်ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက်စစ်ဆေးသွားမည်ဟုလည်း ဆိုသည်။
"တရားလိုနဲ့ တရားလိုပြသက်သေ အားလုံး ၉ ဦးပါ။ ကျမတို့က ကိုမင်းကိုဦးကို တရားလိုပြသက်သေတွေအကုန်လုံးကိုစစ်ပြီးတော့မှ ရဲစခန်းကအမိန့်ချမှတ်တဲ့အပေါ်မှာ မူတည်ပါတယ်။ ကျမတို့အနေနဲ့လည်း သူတို့စွဲဆိုထားတဲ့အမှုကို ကျမအမှုသည်က ပြစ်မှုကျူးလွန်ထားခြင်းမရှိကြောင်းကို ကျမတို့ကစုပြီး ဖြေရှင်းနေတာပေါ့"ဟု ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲထားပြီး သူ၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ