ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တပ်မတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ကိုတင်ထွန်းအောင်၏ တရားလိုနှင့် လိုပြသက်သေများကို စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.3k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၀/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံနေရသည့် ကိုတင်ထွန်းအောင်၏ တရားလိုနှင့်လိုပြသက်သေ ၂ ဦးအား ယနေ့တွင် စတင်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
"ဒီနေ့မှာတော့ တရားလိုကိုစစ်တယ်။ နောက်ပြီးတော့ အန်ခိုဝအုပ်စုအုပ်ချုပ်ရေးမှူးဦးဆင်ပနဲ့ ရာအိမ်မှူးဦးအောင်မင်းတို့ကို စစ်တယ်။ သူတို့ကတော့ တရားလိုပြသက်သေ ၂ ယောက်ပေါ့။ ကျနော့်အနေနဲ့ကတော့ သူက အလံကိစ္စနဲ့ စွဲခံရတာဆိုတော့ အလံထောင်တာကို သူတို့ကကြားသိလို့ပြောလိုက်တဲ့စကားက ပလက်ဝမြို့သားတွေက တုန်လှုပ်ခြောက်ခြားမှုတွေရှိခဲ့လားပေါ့နော်၊ မရှိခဲ့တဲ့အတွက် ဒီအမှုကလွှတ်ပေးသင့်တယ်"ဟု ပြောသည်။
ကိုတင်ထွန်းအောင်၏ တရားလိုဖြစ်သူ ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်နှင့်လိုပြသက်သေ ၂ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက် နံနက်က ပလက်ဝမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုတင်ထွန်းအောင်အား လာမည့်ဖေဖော်ဝါရီလ ၂၃ ရက်နေ့အားထပ်မံရုံးချိန်းလိုက်ပြီး ယင်းနေ့တွင် လိုပြသက်သေများဖြစ်သော ရွာမအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းစိုး၊ ဆယ်အိမ်မှူး ဦးမောင်ဖြူနှင့် မြို့မရဲစခန်းမှ ဒုရဲအုပ်ရဲလင်းအောင်တို့အား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့အင်တာဗျူးဖြေကြားခဲ့သည့်အတွက် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ဝ ရက်မှစတင်ကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။

ဆက်စပ် သတင်းများ