ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ALP အနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်မည်ဖြစ်သော်လည်း ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့တက်/မတက်ကိစ္စ ယနေ့ညနေမှဆုံးဖြတ်မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6k


မင်းအဂ္ဂ၊ သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၁ / ၂ဝ၂၂
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အနေဖြင့် နေပြည်တော်၌ကျင်းပမည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်မည်ဖြစ်သော်လည်း နစကကောင်စီက ဖိတ်ခေါ်ထားသည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်/မတက်ရောက်ကိစ္စကို ယနေ့ညနေမှ ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက နိရဥ္စရာကိုပြောသည်။
“ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ခြင်းမတက်ခြင်းက အခုရောက်လာမယ့် တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပါတီအဖွဲ့အစည်းတွေနဲ့ ဒီနေ့ညနေအစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးဖို့ရှိပါတယ်။ အဲဒီခါကျမှဆုံးဖြတ်မှာပါ။ စကားပြောရမယ့်ဟာတော့ အများကြီးရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ စကားပြောကို ပြောဖို့လိုအပ်တယ်လို့ ခံယူထားတာရှိပါတယ်။ ကျမတို့ခံယူထားတာက တိုင်းရင်းသား ပေါင်းစုံကရည်မှန်းနေကြတဲ့ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့အခြေခံအကြောင်းတရားတွေကို ဒီအချက်တွေကို မဖြစ်မနေဆွေးနွေးရမယ်လို့ခံယူထားတယ်”ဟု ပြောသည်။
ALP အနေဖြင့် မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော်၌ကျင်းပမည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်မည်ဟု ဆိုသည်။
ယင်းအခမ်းအနားကျင်းပနေစဉ်အတွင်း ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး တက်ရောက်ကြရန် နစကကောင်စီက ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ကောင်စီပိုင်သတင်းစာများတွင် ထည့်သွင်းဖိတ်ခေါ်လျက်ရှိသည်။
NCA ရေးထိုးထားသည့် အဖွဲ့ ၁ဝ ဖွဲ့ရှိပြီး ၄င်းအဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ ဖြစ်ကြသည်။
၄င်းတို့အနက် KNU နှင့် CNF တို့မှာ ပြည်ထောင်စုနေ့အခမ်းအနားနှင့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်မည်မဟုတ်ဟု မီဒီယာများကိုပြောထားသည်။
NCA မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ရှိပြီး ၎င်းတို့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ဖြစ်ကာ ၎င်းတို့အနေဖြင့်လည်း ပြည်ထောင်စုနေ့အခမ်းအနားနှင့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် မသေးချာသေးဟု သိရသည်။

ဆက်စပ် သတင်းများ