ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ၂၄ နှစ်မြောက် ဝမ်းနည်းဖွယ်အခမ်းအနား ဇာတိမြေတွင်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၂
ရခိုင်ပြည်တပ်မတော်(AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ၂၄ နှစ်ပြည့် ဝမ်းနည်း အောက်မေ့ဖွယ်အခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာ၏ဇာတိဖြစ်သော ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ချော်ချောင်းကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားကို ချော်ချောင်းကျေးရွာ၏ ဘောလုံးကွင်းတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၇ နာရီတွင် ဗိုလ်ချုပ်၏ဆွေမျိုးများနှင့် ရဲဖော်ဟောင်းများက ဦးဆောင်၍ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်ခိုင်ရာဇာ၏ ဓာတ်ပုံပိုစတာများကို အလေးပြုခြင်း၊ ဗိုလ်ချုပ်၏ ကိုယ်ရေးရာဇဝင်များကို ဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြောင်း အခမ်းအနားသို့တက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။
ညနေပိုင်းတွင် ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ လူအများအပြားတက်ရောက်ခဲ့ကြောင်း သိရသည်။
“သူရဲ့ရာဇဝင်တွေကိုလည်း ညနေဖက် ဟောပြောပွဲမှာ ဖတ်ပြသွားခဲ့တယ်။ အခမ်းအနားရှိမှန်း အစီအစဉ်မသိဘဲ ရောက်ဖြစ်သွားတာ။ လူတွေအများအပြား လာတက်ရောက်ကြတာ တွေ့ရတယ်” ဟုပြောသည်။
ရခိုင်ပြည်တပ်မတော်မှ ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ဗိုလ်မှူးကြီးစောထွန်း၊ ဗိုလ်ကြီးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင် နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ဖဒိုမှူးလွယ်၊ ဗိုလ်ကြီးမြင့်ဆွေတို့သည် အိန္ဒိယစစ်တပ်နှင့်သဘောတူညီချက်အရ အန်ဒမန်ကျွန်းစုထဲက လန်းဖော့ကျွန်း (Landford Island)မှာ ရေတပ်စခန်း တည်ဆောက်ရန် ထိုင်းနယ်စပ်ကနေတဆင့် ရဲဘော်အင်အား ၇၅ ဦးနှင့် လာစဉ်မှာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။
ကျန်နေသည့် ရခိုင်နှင့် ကရင်ရဲဘော် ၃၀ ကျော်ကိုလည်း နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာ သူတို့ကို UNHCR အကူအညီဖြင့် ပြန်လွှတ်ပေးခဲ့ကာ နယ်သာလန်နိုင်ငံက အခြေချခွင့်ရရှိခဲ့ကြသည်။
ဗိုလ်ချုပ်ခိုင်ရာဇာသည် စစ်တိုက်အလွန်တော်သူတစ်ဦးဖြစ်သည်သာမက ရခိုင်အမျိုးသား လက်နက်ကိုင် အင်အားစုများကို ညီညွတ်အောင် တည်ဆောက်နိုင်ခဲ့သူ ဖြစ်သည်။ သူ၏ဦးဆောင်မှုဖြင့် လက်နက်ကိုင်အဖွဲ့များကိုစုစည်း၍ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော်(NUPA/AA)ကို ဖွဲ့စည်းနိုင်ခဲ့သည်။
သို့သော်လည်း သူ၏မပြီးပြတ်သေးသော တော်လှန်ရေးကိုဆင်နွှဲနေစဉ် အိန္ဒိယစစ်တပ်၏ အကောက်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး သူကျဆုံးခဲ့ရသည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ဗိုလ်ရာဇာနေ့အဖြစ် သတ်မှတ်ကာ သူ့ကိုချစ်ခင်လေးစားကြည်ညိုသူများက နှစ်စဉ် အခမ်းအနားများ ကျင်းပကြသည်။

ဆက်စပ် သတင်းများ