ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံထားရသည့် ကိုမင်းကိုဦး၏ နောက်ဆုံးစစ်ဆေးရန်ကျန်သည့်လိုပြသက်သေ ဒုရဲမှူး ရုံးချိန်းပျက်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂ /၂၀၂၂
PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးအမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်တော့သည့် လိုပြသက်သေ ဒုရဲမှူးသည် ယနေ့ရုံးချိန်းတွင်ပျက်ကွက်ခဲ့၍ နောက်အပတ်သို့ ထပ်မံချိန်းဆိုလိုက်ရသည်ဟု သိရသည်။
ရုံးချိန်းပျက်ကွက်ခဲ့သည့် လိုပြသက်သေမှာ တောင်ကုတ်မြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲမှူးဇော်လတ်ဖြစ်သည်။
သူသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် သံတွဲခရိုင်တရားရုံးသို့ ရုံးချိန်းပျက်ကွက်ခဲ့သည့်အတွက် လာမည့်ဖေဖော်ဝါရီလ ၂၈ ရက်သို့ ထပ်မံရုံးချိန်းလိုက်ရသည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာကိုပြောသည်။
"သူပြီးရင် တရားလိုတွေနဲ့ လိုပြသက်သေတွေ စစ်ဆေးပြီးပြီ။ ပြီးရင်တော့ ကိုမင်းကိုဦးကို စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချမှတ်မယ်"ဟု ပြောသည်။
ဒုရဲမှူးဇော်လတ်သည် ရုံးချိန်းသို့လာရန်ပြင်နေစဉ် အရေးကြီးအမှုတစ်ခုပေါ်လာ၍ဟုဆိုကာ ရုံးချိန်းပျက်ကွက်ခဲ့ခြင်းဖြစ်သည်ဟုပြောကြောင်း ဒေါ်သိင်္ဂီမောင်က ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲထားပြီး သူ၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်တို့တွင် ၈ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ