ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့၏ ရွေးကောက်ပွဲနှင့်ဆိုင်သောအမှုအား စွဲချက်တင် မတင် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃/ ၂၀၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့ရင်ဆိုင်နေရသည့် ရွေးကောက်ပွဲနှင့်ဆိုင်သောအမှုတွင် တရားလိုနှင့် လိုပြသက်သေများအားလုံးစစ်ဆေးပြီးစီးသွားပြီဖြစ်၍ စွဲချက်တင်သင့်၊ မတင်သင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးမည်ဟု သိရသည်။
အဆိုပါအမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်ရှိသည့် တရားလိုပြသက်သေတစ်ဦးအား ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ရုံးချိန်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဝင်းအောင်က ပြောသည်။
“ဒီနေ့ လိုပြသက်သေတစ်ယောက်ကို စစ်ပါတယ်။ အခုဆိုရင် တရားလိုဘက်က သက်သေတွေအကုန်စစ်ဆေးပြီးပါပြီ။ နောက်ရုံးချိန်းမှာတော့ စွဲချက် လျှောက်လဲချက်ပေးရပါမယ်” ဟု ပြောသည်။
အဆိုပါအမှုကို လာမည့် မတ်လ ၃ ရက်နေ့သို့ ချိန်းဆိုလိုက်သည်ဟုလည်း ရှေ့နေက ဆက်ပြောသည်။
“ ဒါက နိုင်ငံတော်စီမံချက်နဲ့ စွဲဆိုထားတာဆိုတော့ ဘယ်လိုပုံစံမျိုးဆုံးဖြတ်လာမလဲဆိုတာ မသိသေးဘူး။ ကျနော်တို့ကတော့ အမှုကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲသမမှုကိစ္စရပ်များကို ပြုလုပ်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရာဇသက်ကြီး ဥပဒေပုဒ်မ ၁၃၀(က) ဖြင့် ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်အား ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံခဲ့ရသည်။
သူတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျည်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ