- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
(ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်လိုက်ပြီဟု ဘီဘီစီသတင်းတွင်ဖော်ပြ)
ရှမ်းပြည်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့မှ စစ်ကောင်စီ တပ်စခန်းများကို ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA)နှင့် တအာန်းတပ် (TNLA) တို့က Operation 1027 စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ပြီ ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲများမှာ ယနေ့ နံနက် ၄ နာရီကစတင်ကာ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ် အဖွဲ့များမှ ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ သူကယခုကဲ့သို့ ပြောသည်။
“ အဲဒါတော့ ကျွန်တော်လည်း လိုင်းပေါ်မှာအခြေအနေလောက်ဘဲ သိရပါတယ်။ ဒီကနေ့ ရှမ်းမြောက်ပိုင်းနဲ့ နေရာ တော် တော်များများမှာ သူတို့ ထိုးစစ်ဆင်တဲ့သတင်းလောက်ဘဲ ရပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့လည်း သတင်းတွေကို စုဆောင်းနေဆဲဘဲဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းများမှာ လားရှိုးမြို့အဝင် ခလရ (၆၈) စခန်း၊ ကုန်ဆာကျေးရွာအနီးရှိ မုန်ဂျက်စခန်း၊ သိန်နီမြို့ရှိ စစ်ကောင်စီစခန်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ခလရ ၂၄၁ နှင့် ခလရ ၂၄၂ စခန်း ၂ ခုအပါအဝင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း၊ မုံးကိုးမြို့နယ်အတွင်းရှိ တရုတ်-မြန်မာနယ်စပ် မန်ယန်တောင်ကုန်ပေါ်ရှိ စခန်းများကို မြောက်ပိုင်းမဟာမိတ် အဖွဲ့များမှ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဒေသအခြေစိုက် The Kachin Sub-State Media တွင် ရေးသားဖော်ပြသည်။
၎င်းပြင် စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်လိုက်ပြီဟုလည်း ဘီဘီစီတွင် သတင်းဖော်ပြသည်။
ယခုကဲ့သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ရသည့် အကြောင်းရင်းကို မေးမြန်းရာ သူ့အနေနှင့် မပြောနိုင်သေးကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူကဆက်ပြောသည်။
“ အဲဒါတွေက ကျွန််တော်မသိရသေးပါဘူးနော်။ သူတို့ထုတ်ပြန်ကြေငြာချက်တော့ တခါတရံတွေ့တယ်။ အဓိက အခြေခံအကြောင်းရင်းတွေက ကျွန်တော်မကြားရသေးပါဘူး။ ဒီနေ့ ညနေလောက်မှ သိရပါမယ်” ဟု ပြောဆိုသည်။
ချင်းရွှေဟော် မြို့ နှင့် ဖောင်ဆိပ် ကို ယနေ့ နံနက်က ကိုးကန့်တပ်က သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ဖောင်ဆိပ်မှာ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ချင်းရွှေဟော် နယ်နိမိတ်အစ ဖြစ်ကြောင်း၊ ဖောင်ဆိပ်စုပေါင်း ဂိတ်မှာတာဝန်ကျသည့် ရဲနှင့် ဝန်ထမ်းများ သေဆုံးခဲ့ပြီး စခန်းကို စွန့်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများကို ကိုးကားပြီး ဘီဘီစီက သတင်းဖော်ပြထားသည်။
ကိုးကန့် ၊ ဝဒေသနှင့် လားရှိုးမြို့ကြား လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းမှာ လက်ရှိ လုံးဝ ပြတ်တောက်သွားပြီး ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ကနေ တရုတ်နယ်စပ်အထိဖြစ်ပွားနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနေသည်ဟု သိရသည်။
လက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တရုတ် မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးကိုလည်း ယနေ့က စပြီး အရေးပေါ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ် (MNDAA) က ကြေညာလိုက်ပြီဖြစ်သည်။ NN-14
ဓာတ်ပုံ - The Kokang