သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

" ထလော့ ရခိုင်၊ အို --- ရွှေရခိုင်တို့ "


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

မောင်သက်ဝေ - ရေးသည်
(တစ်)


တလောက ရွာတစ်ရွာသို့ အလည်အပတ်ရောက်ရှိခဲ့သည်။ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ ရှင်ပြုပွဲသို့ သွားရောက်ခြင်းပင် ဖြစ်သည်။ ထိုရွာသို့ စာရေးသူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်၏။

ရွာလေးက အလွန်သာယာလှပသည်။ ရခိုင်ရိုးမတောင်ခြေရင်းရှိ ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိပြီး အိမ်ခြေ (၅၀)ခန့်သာ ရှိသော ကျေးလက်တောရွာလေး ဖြစ်သည်။ ရွာမြောက်ပိုင်းဘက်တွင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းကလေးတစ်ခု ရှိသည်။ ရွာ၏ အရှေ့ဘက် တောင်ကုန်းပေါ်တွင်လည်း ဘုန်းတော်ကြီးကျောင်းနှင့် စေတီတစ်ဆူ တည်ထားကိုးကွယ်ကြသည်။ တစ်ရွာလုံးကို သစ်ပင်ကြီးများဖြင့် ဖုံးလွှားနေသောကြောင့် စိမ်းလန်းစိုပြေသာယာပြီး စိတ်နှလုံးကို အေးမြကြည်လင်စေ၏။

ယင်းကျေးရွာမှ ပြည်သူများသည် ဘာသာတရားကိုင်းရှိုင်းပြီး လူမှုဝန်ထမ်းစိတ်အပြည့် ရှိကြသည်။ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲနှင့် သာရေးနာရေးများ၌ ရွာလုံးကျွတ် တက်တက်ကြွကြွ ကူညီ လုပ်ဆောင်ပေးကြသည်။ စာရေးသူ၏ မိတ်ဆွေအလှူ၌လည်း အလှူရှင်သည် နောက်ပြန်လှည့်စရာ မလိုလောက်အောင် စိတ်ချရသည်။ ကာယလုပ်အားများ ကူညီကြသည့်အပြင် မိမိတို့၌ရှိသော ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည်တို့ဖြင့်လည်း တစ်အိမ်တစ်ခုကျစီ ကုသိုလ်ပါဝင် လှူဒါန်းကြသည်။ ဤကဲ့သို့ စည်းလုံးညီညွှတ်သော ကျေးရွာမျိုးကား စာရေးသူ မတွေ့ မမြင်ဖူးပေ။ ထိုကျေးရွာသူ၊ ကျေးရွာသားများ၏ စိတ်ဓါတ်ကား လေးစားအားကျ အတုယူဖွယ်ပင် ဖြစ်ပါသည်။

(နှစ်)

သို့သော် ' ဘုရားပြီးရင် ငြမ်းဖျက် ' ဆိုသကဲ့သို့ ရှင်ပြုအလှူပွဲပြီးသောအခါ ထိုကျေးရွာသားတို့၏ အပြုအမူသည်ကား စာရေးသူ၏ အသည်းနှလုံးကို တုန်လှုပ်ခြောက်ရှားစေခဲ့၏။ လော်စပီကာဖွင့်၍ မိန်းမ၊ ယောက်ျား မခွဲခြား၊ တန်းတူအခွင့်အရေး လက်ကိုင်ထားပြီး အရက်ပုလင်းကိုယ်စီနှင့် ကခုန်ပျော်မြူး မူးယစ်နေကြသည်ကား ညနေဆည်းဆာ၏အလှကို ဖျက်ဆီးနေကြသည့်အလား။ သူရိယနေမင်းကြီးလည်း မျက်ရည်ကို အဖော်ပြု၊ နောင်တတရားကို ရင်ဝယ်ပိုက်ကာ လောကကြီးကို လက်ပြနုတ်ဆက် ထွက်ခွာသွားခဲ့ရလေ၏။

ထိုကျေးရွာ၌ ငါးရက်ခန့် နေခဲ့၍ ရပ်ရွာ၏ အဆိုးအကောင်း အကျိုးအကြောင်းများကို လေ့လာခွင့် ရရှိခဲ့သည်။ ပျော်ရွှင်ခြင်း၊ ဝမ်းန်းခြင်း၊ စိုးရိမ်ခြင်း၊ လေးစားအတုယူခြင်းစသည့် ဘဝရသပေါင်းစုံကို ခံစားစံမြန်းနိုင်ခဲ့သည်။

မြို့နှင့်အလှမ်းဝေးကွာသော ကျေးလက်တောရွာဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးမှုလည်း နောက်ကျသည်။ ပညာတတ် လူငယ်မောင်မယ်များလည်း မရှိသလောက် ရှားပါးသည်။ ဆယ်တန်းအောင်ထားသည့် လူငယ်များက လက်ငါးချောင်း မပြည့်။ ကျေးရွာလူကြီးဆိုသူက လေးတန်းတောင် မအောင်ဆိုတော့ အဘယ်တွင် သူ့ကျေးရွာကို ကောင်းမွန်စွာ ထိန်းသိမ်းအုပ်ချုပ်နိုင်မည်နည်း။

ကျေးရွာမှ ရွာသူ၊ ရွာသားများသည် တစ်နှစ်ပတ်လုံးရှာဖွယ်စုဆောင်းထားသော ရွှေထည်၊ ငွေစများနှင့် စပါးဆန်ရေများကိုပျော်ပွဲရွှင်ပွဲများအတွက် စည်းကမ်းမဲ့စွာ သုံးဖြုန်းနေကြသည်။ ဘနဖူး သိုက်တူးမည့် ဂိုက်သွေးစုပ် စီးပွားရေးသမားများက ကျေးရွာလူကြီးကို ချည်းကပ်၍ အကွက်ကျကျ ရွာသားများကို ဖျက်ဆီးနေသည်ဟုပင် ဆိုရပေမည်။ မနက်မိုးလင်းသည်နှင့် မိန်းမကြီးများသည် နှစ်လုံးဂဏန်း(ချဲ) လိုက်ရှာကြသည်။ နေ့မွန်းတည်းချိန်တွင် ရွာလယ်ရှိ ကုက္ကိုင်ပင်ကြီးအောက်၌ ဖဲဝိုင်းသည် ဇာတ်ပွဲပမာ။ နေစောင်းချိန် နေညိုလျှင်လည်း အရက်ဝိုင်းသည် ကာလသားလူငယ်တသိုက်နှင့် အထူး စည်ကားနေလေ့ရှိသည်။ ထိုကျေးရွာ၏ အနာဂတ်သည်ကား မတွေးရဲစရာပင် ဆိုးဝါးနေလေ၏။

(သုံး)

ထိုကဲ့သို့ အတားအဆီးမဲ့ ယိုယွင်းပျက်စီးနေသော ကျေးရွာများသည် စာရေးသူတို့၏ ရခိုင်ပြည်၌ တစ်နေ့ထက် တစ်နေ့  ပိုမိုများပြားလာနေသည်။ မြို့ပေါ် ရပ်ကွက်များသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။  မြို့ပေါ်ရှိ လူကုန်ထံအသိုင်းအဝိုင်းများနှင့် ပညာတတ်လူတော်လူကောင်းများသည်ပင်လျှင် လောင်းကစားအမှုတို့ကြောင့် စီးပွားဥစ္စာများ ဆုံးရှုံး၍ အိမ်ထောင်ရေးများလည်း ပြိုကွဲ ပျက်စီးရသည်အထိ ဖြစ်လာခဲ့ကြသည်။

' မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ စိတ်ကို ဖြူအောင်ထား 'ဆိုသည့် ဆောင်ပုဒ်အတိုင်း အရက်၊ ဖဲ၊ လောင်းကစားများနှင့် မူးယစ်ဆေးဝါးများကို အချိန်မီ မတားဆီး၊  မရှောင်နိုင်လျှင် တစ်နေ့တွင် ထိုမကောင်းမှုက ပေးလာမည့် ဆိုးကျိုးဒုက္ခကို ခါးစည်းခံစားကြရပေမည်။ မကောင်းမှုအလုပ်များကို ဝေးဝေးကရှောင်ကြဥ်ပြီး ကောင်းသည့်အလုပ်ကို ပြုမူဆောင်ရွက်ကာ စိတ်ကိုဖြူအောင်ထားနိုင်မှသာ လောကတွင် လူဖြစ်ရကျိုး နပ်မည်ပင် ဖြစ်သည်။

(လေး)

စာရေးသူတို့ ရခိုင်ပြည်သည် ကမ္ဘာကြီးနှင့် နှိုင်းယှဥ်လျှင် အဘက်ဘက်က နောက်ကျကျန်ရစ်နေသည်။ ဒုက္ခဆင်းရဲတွင်းထဲမှ  ရုန်းမထွက်နိုင်အောင်ပင် မှောင်မိုက်ဆိုးဝါးနေသော ကာလဖြစ်သည်။   ပျောက်သောလမ်းမှာ စမ်းတဝါးဝါးနှင့် အလင်းတန်းရောင်ခြည်ကို လိုက်ရှာနေရသော အချိန်ဆိုလျှင်လည်း မမှားနိုင်ပေ။ လောကတွင် အပူနှင့် အအေး၊ ဒုက္ခနှင့် သုခတို့သည် ဒွန်တွဲနေသည်။ စာရေးသူတို့ ရခိုင်ပြည်သူများအတွက်လည်း အမှောင်ထဲမှ မျှော်လင့်ချက်မီးတောက်လေးတစ်ခုသည်လည်း ထွန်းလင်းတောက်ပ၍ လာနေပြီကို အားလုံးအသိပင်။

ရခိုင်ပြည်အနာဂတ်ကို ပြောင်းလဲတိုးတက်ရန် ထုဆစ်နေသောအချိန်တွင် မိမိတို့နိုင်ရာဝန်ကို ထမ်းရွက်ပြီး ရှေ့သို့ချီတက်ကြရပေမည်။ ရခိုင်လူမျိုးနှင့် ရခိုင့်အနာဂတ်ကို ဖျက်ဆီးနေသော သည်လောင်းကစားမျိုးစုံနှင့် မူးယစ်ဆေးဝါးများကိုလည်း လက်တွဲညီညီ တိုက်ထုတ်ကြရန် လိုအပ်ပါသည်။ တာဝန်ရှိသူများက ကိုယ်ကျိုးရှာစီးပွားရေးသမားများ၏ မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ရခိုင်ပြည်သူအပေါင်းတို့ကို မျက်ကွယ်ပြုထားပါကာ ရခိုင်ပြည်၏ ရွှေရောင်အနာဂတ်သည်လည်း တိမ်ဖုံးလွှမ်းသည့်ပမာ မကြာမှီ ပြန်လည်ပျောက်ကွယ်သွားရပေလိမ့်မည်။

(ငါး)

အမျိုးသီလ၊ နှစ်ဌာနကို ပါးစပ်က တစ်ဖွဖွ စောင့်ရှောက်နေ၍ မရပေ။ မှန်ကန်သောအလုပ်၊ တရားသောနည်းလမ်းတို့ဖြင့် စီးပွားရှာ လုပ်ဆောင်မှသာ နိုင်ငံသားကောင်း ပီသပေမည်။ သူတစ်ပါးဘဝများကို ဖျက်ဆီးပြီးမှ ရရှိလာသော ထိုပစ္စည်းဥစ္စာသည် မိမိဘဝကို မီးကဲ့သို့ ပူလောင်စေတတ်၏။ မိမိပြုခဲ့သော မကောင်းမှုမှန်သမျှသည် မိမိ၏နောက်သို့ အရိပ်ပမာ ထပ်ကြပ်လိုက်နေလိမ့်မည်။ မည်သူမပြု၊ မိမိမူပင် မဟုတ်ပါလော။

မိမိဘဝ၊ မိမိတို့ မိသားစုကို ပျက်ဆီးစေတတ်သော သည်အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လောင်းကစားအမှုတို့ကို မဖြစ်မနေ ရှောင်ခြားသင့်၏။ သည်သမ္မာအာဇီဝမကျသော နည်းလမ်းတို့ဖြင့် စီးပွားရှာနေကြသော ပုဂ္ဂိုလ်ကြီးများသည်လည်း ထိုမကောင်းမှုလုပ်ငန်းများအစား အခြားသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္မဏီ အစရှိသဖြင့် ရခိုင်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်သည့် လုပ်ငန်းများကို တည်ထောင်ဖွင့်လှစ်ပေးကြလျှင် အလွန်သင့်လျော်ပေမည်။ လမ်းစပျောက်ပြီး အလုပ် လက်မဲ့ဖြစ်နေကာ ဆိုးဝါးနေကြသော လူငယ်များကို အလုပ်အကိုင်များဖန်တီးပေး၍ ကယ်တင်နိုင်လျှင် ရခိုင်လူမျိုးတို့ မျှော်လင့်တောင်းတနေကြသော ရွှေရောင်အနာဂတ်အတွက် အထောက်အပံ့များစွာ ဖြစ်ပါလိမ့်မည်။

' ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး 'ဆိုသည့်စကားအတိုင်း ယနေ့ရခိုင်လူငယ်များသည် အရက်သမား၊ ဖဲသမား၊ ဘိန်းသမားများဖြစ်နေကြမည်ဆိုလျှင် နောင်တချိန် ရခိုင်ပြည်၏ အနာဂတ်သည်လည်း မည်သည့်နည်းလမ်းနှင့်မှ ထွန်းလင်းတောက်ပလာနိုင်စရာ အကြောင်းမရှိပေ။ တိုင်းပြည်တစ်ခုကို ပညာမဲ့သူများနှင့် မတည်ဆောက်နိုင်၊ ပညာတတ် လူတော်လူကောင်းများနှင့်သာ တည်ထောင်နိုင်သည်။

ယနေ့အချိန်သည် တိုင်းပြည်တည်ဆောက်ရေးကာလဖြစ်သည်နှင့်အညီ စာရေးသူတို့ ရခိုင်သားတို့သည်လည်း မကောင်းမှုအရာတို့၌ မွေ့လျော်ခြင်းနှင့် မကောင်းမှုလုပ်ငန်းများဖြင့် စီးပွားရှာခြင်းတို့ကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြရန် လိုအပ်နေပါပြီ။

 

အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ကို ကျွန်ဘဝမှ ရုန်းမထွက်နိုင်အောင် အရက်၊ ဘိန်း၊ လောင်းကစားမျိုးစုံတို့ဖြင့် အကွက်ကျကျ မံဖျက်ဆီးလာခဲ့သည်ကိုပင် မသိကြလေသလော။

အို --- ထလော့ ရခိုင်၊ ရွှေရခိုင်တို့ --- သည်မကောင်းမှုနွံထဲက အချိန်မီ နိုးထကြပါစို့။
အတိတ်သမိုင်းကို သင်္ခမ်းစာယူပြီး အာရက္ခတိုင်းပြည်သစ်ကို လှပအောင်ပုံဖော်ထုဆစ်နိုင်ဖို့ စည်းလုံးညီညွှတ်စွာဖြင့် အတူလက်တွဲလက်ချင်းတွဲကာ အောင်မြင်မှုပန်းတိုင်ဆီ ချီတက်ကြပါစို့ဟု လေးစားချစ်ခင်စွာဖြင့် မေတ္တာရပ်ခံ ရေးသားတောင်းဆိုလိုက်ရပါသည်။ 

 

(ပြီး)

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး