- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူမြစ်အနောက်ဖက် ၊ လုံးတင်ရွာ ချောင်းကမ်းစပ်တွင် ယနေ့ နေ့လယ် ၂ နာရီကျော်အချိန်ခန့်က အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။
၎င်းအလောင်းမှာ ခွေးတောက်ချောင်း ချောင်းအတိုင်း မျောပါလာပြီး ၃ နာရီကျော်အချိန် ဒီရေကျချိန်တွင် ဒီရေနှင့်အတူ ပြန်လည် မျောပါသွားကြောင်း ကျေးရွာသားများက ပြောသည်။
အမည်မဖော်လိုသော ဒေသခံတစ်ဦးက “ အလောင်းက ပုပ်ပွနေပြီး။ ၃ ရက် ၄ ရက်လောက်တောင်မှ ရှိသွားပြီထင်တယ်။ သူ့ခါးမှာ ကြိုးတစ်ပင်ချည်ပြီးပါတယ်။ လည်ပင်းမှာလည်း ကြိုးနှင့် ချည်ထားတယ်လို့ ယူဆရတယ်။ ကြိုးချည်ဒဏ်ရာ နှစ်ချက်ပါတယ်။ ကြိုးစတွေတော့ မပါတော့ဘူး။ ဝတ်စားထားတာကတော့ ဘောလုံးကန်တဲ့ အားကစား ဘောင်ဘီနဲ့ အင်္ကျီကတော့ လက်ရှည်ဝတ်ထားတယ်။ အလောင်းက မှောက်ခုံဆိုတော့ သူ့အသက်အရွယ် ဘယ်လောက်ရှိမယ်ဆိုတာကို ကျနော်တို့လည်း ခန့်မှန်းလို့ မရဘူး ” ဟု ပြောသည်။
၎င်းအလောင်းမှာ မည်သူ/ မည်ဝါ၏ အလောင်းဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် အနီးအနား ပတ်ဝင်ကျင် ကျေးရွာများတွင်လည်း လူပျောက်ဆုံးမှု မရှိကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ၎င်းဖြစ်စဉ်မှာ မှန်ကန်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။