သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် ငါးရှာသွားသည့် ဟိန္ဒူအမျိုးသား ၁ ဦး ရေမြုပ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၂၅ / ၂ဝ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအနီးတွင် ငါးရှာသွားသည့်ဟိန္ဒူအမျိုးသား ၁ ဦး ရေမြုပ်သေဆုံးသွားကြောင်း သိရသည်။
ရေမြုပ်သေဆုံးသွားသူမှာ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်မှ ဦးနီရောင်ဇော် (၅၅ နှစ်)ဖြစ်သည်။
သူသည် သြဂုတ်လ ၂၂ ရက်နေ့တွင် ငါးရှာသွားပြီးပျောက်ဆုံးနေခဲ့ရာမှ ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအနီး ချောင်းစပ်တွင် သူ့အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာယာတူလာက နိရဥ္စရာကိုပြောသည်။
“သူက ငါးရှာ၊ ဂဏန်းရှာဖို့ အဲဒီချောင်းဘက်ကိုသွားတာ။ (၂)ရက်ရှိပြီတဲ့။ အဲဒါ ပြန်မရောက်လို့ မိသားစုဆွေမျိုးသားချင်းတွေက လိုက်ရှာကြတော့ ဒီကနေ့ အလောင်းကိုတွေ့တာပါ။”ဟု ပြောသည်။
သေဆုံးသွားသူတွင် ထိခိုက်ဒဏ်ရာတစ်စုံတရာမရှိဘဲ ရေမြုပ်သေဆုံးသွားခြင်းသာဖြစ်သည်ဟု ပန်းတောပြင်ကျေးရွာအုပ်စုတွင် တာဝန်ကျနေသည့် မြို့နယ်ထွေ/အုပ်စာရေး ကိုညီညီထွန်းက ပြောသည်။
“ဒဏ်ရာတွေ မရှိပါဘူး။ ရဲမှုရဲခင်းနဲ့လည်း စစ်ဆေးပြီးပြီ။ ဆေးရုံကလည်း စစ်ဆေးပြီးပြီ။ သူ့မှာ သာမန်ရေမြုပ်တာပါတဲ့။”ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသူ၏အလောင်းအား သင်္ဂြိုလ်နိုင်ရန် မောင်တောဆေးရုံမှတဆင့် (၄)မိုင်ရပ်ကွက်ရှိ သူ၏နေအိမ်သို့ ယူဆောင်သွားကြပြီဟု သိရသည်။

ဆက်စပ် သတင်းများ