သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ငပလီတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၂၅/၂၀၂၁
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောသူမှာ ဂွမြို့နယ် ကျိန္တလီမြို့မှ ကိုဇော်မင်းထွန်း (၂၄ နှစ်)ဖြစ်သည်။
သူ၏အလောင်းအား ငပလီမြို့၊ မြပြင်ရပ်ကွက်မှ ၁ မိုင်ခွဲခန့်ဝေးသည့် မြို့ရှောင်လမ်းတွင် သြဂုတ်လ ၂၅ ရက် နံနက် ၉ နာရီခွဲက ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက နိရဥ္စရာသို့ အတည်ပြုပြောသည်။
"ကျနော်တို့ရပ်ကွက်က ဦးမောင်မောင်က တောသွားခုတ်ရင်း လူတစ်ယောက်လဲနေတာတွေ့လို့ကျနော့်ကိုအကြောင်းကြားတယ်။ ကျနော်တို့သွားကြည့်တော့ သူကသေနေပြီ။ ဓားဒဏ်ရာတွေအများကြီးနဲ့ အူတွေလည်းထွက်နေတယ်။ လည်ပင်းမှာလည်း ဓားနဲ့လှီးထားတယ်"ဟု ပြောသည်။
သေဆုံးသွားသောသူ၏ရင်ဝတွင် ဓားဒဏ်ရာ ၃ ချက်ပါရှိသည်ကိုလည်း တွေ့ရသည်ဟု သူက ဆက်ပြောသည်။
သံတွဲမြို့မှ မြရတနာ နာရေးကူညီမှုအသင်းအဖွဲ့ဝင်တစ်ွဦးကလည်း " ကျနော်တို့အသင်းကို ဖုန်းဆက်ပြီးအကြောင်းကြားတာကတော့ မနက် ၁၀ နာရီလောက်က။ ကျနော်တို့ အလောင်းကို သံတွဲခရိုင်ဆေးရုံကိုပို့ပေးခဲ့တယ်။"ဟု ၎င်းကပြောသည်။
ယခုအလောင်းတွေ့ရှိမှုမှာ ဟုတ်မှန်ပြီး သေဆုံးသူနှင့်ပတ်သက်သည့်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေသည်ဟုလည်း ငပလီမြို့ရှိ ဂျိတ္တောရဲစခန်းမှ သိရသည်။
ဓာတ်ပုံ - မြရတနာ နာရေးကူညီမှုအသင်း

ဆက်စပ် သတင်းများ