တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်နတ်မော်ရွာအနီး ချောင်းထဲတွင် အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ၊ ဇူလိုင် ၉/ ၂ဝ၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာအနီး ချောင်းထဲတွင် အမည်မသိ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါအလောင်းကို ယနေ့ ဇူလိုင်လ ၉ ရက် နံနက် ၈ နာရီခန့်တွင် တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာဘုန်းကြီးကျောင်းအနောက်ဘက်ရှိ ချောင်းကမ်းစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နတ်မော်ရွာသား ကိုမောင်မောင်သက်က နိရဥ္စရာကိုပြောသည်။
“ဘယ်လိုပုံစံမျိုးသေတာလဲတော့ မသိရသေးဘူး။ အခုပုံစံမျိုးဆိုရင် ၃ ရက်၊ ၄ ရက်ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်။ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့အဝတ်အစားတွေတောင်မှ ပြဲပြီးပေါက်ပြီး မရှိသေးဘူး။ တအားကြီး ရုပ်ပျက်ဆင်းပျက်ကြီးလည်း မဖြစ်သေးဘူး။ ဒါပေမဲ့ ပွတော့ ပွနေပြီလေ”ဟု ပြောသည်။
အဆိုပါအလောင်းမှာ အသက် ၃၂ နှစ်အရွယ်ခန့်ရှိပြီး ပြင်ပထိခိုက်ဒဏ်ရာရရှိထားခြင်းလည်း မရှိဟု ဒေသခံများနှင့် တောင်ကုတ်ရဲတပ်ဖွဲ့မှ သိရသည်။
သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ဆိုသည်ကိုလည်း မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဘယ်ကလဲဆိုတာလည်း ကျနော်တို့ အခုထိ စုံစမ်းလို့ မရသေးဘူး။ ပြင်ပဒဏ်ရာလည်း တစ်ခုမှမရှိဘူး။ ဒီလို ရေနစ်သေဆုံးတဲ့ လက္ခဏာပါပဲ”ဟု ပြောသည်။
လက်ရှိတွင် အနံ့အသက်များဆိုးရွားစွာထွက်ပေါ်နေပြီဖြစ်၍ တောင်ကုတ်သုသာန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေပြီဟု သိရသည်။
မိသားစုများ လာရောက်စုံစမ်းနိုင်ရန် တောင်ကုတ်မြို့မရဲစခန်းတွင် ထိုအလောင်းနှင့်ပတ်သက်သည့်အချက်အလက်များကို မှတ်တမ်းထားရှိသည်ဟုလည်း သိရသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ