အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ သက်တမ်းကုန်၍ တာဝန်မှနှုတ်ထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 417

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် သက်တမ်းကုန်၍ ယခုလ ဇွန်(၁၂)ရက်မှ စ၍ တာဝန်မှ နှုတ်ထွက်ပြီဟု သိရှိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်၏ တာဝန်ပေးအပ်ချက်အရ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသော နိုလင်းဟေဇာသည် တာဝန်ထမ်းဆောင်ခဲ့သည့် (၁၈)လတာ အတွင်း မြန်မာစစ်ကောင်စီရော အတိုက်အခံများကပါ ဝေဖန်တိုက်ခိုက်မှုခံခဲ့ရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်း စစ်တပ်နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများအကြား ပဋိပက္ခနှင့် သွေးထွက်သံယိုမှု ကြီးမားခဲ့ပြီး ယခုတိုင်ပြီးဆုံးခြင်းမရှိဘဲ အဖက်ဖက်က ယိုယွင်းပျက်စီးသော နိုင်ငံအဖြစ်သို့ ရောက်ရှိသွားသည်။

 

မြန်မာနိုင်ငံတွင် ပဋိပက္ခများပြီးဆုံးပြီး သွေးထွက်သံယိုမှု လျော့နည်း ပပျောက်ရန် အာဆီယံနိုင်ငံများကရော ကုလသမဂ္ဂကပါ ကြိုးပမ်းခဲ့ကြသည်။

 

သို့သော် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ အရာမထင်ခဲ့ပေ။

 

စင်ကာပူ လူမှုဗေဒပညာရှင် နိုလင်းဟေဇာအား ကုလအတွင်းရေးမှူးချုပ်က ၂၀၂၁ အောက်တိုဘာတွင် စတင် တာဝန်ပေးအပ်ခဲ့ပြီး ၂၀၂၃၊ ဇွန်လတွင် သက်တမ်းကုန်၍ တာဝန်မှ နှုတ်ထွက်သွားခြင်းဖြစ်သည်။

 

နိုလင်းဟေဇာက မြန်မာစစ်ကောင်စီအား အတိုက်အခံများနှင့် တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေမှုပြုရန် တိုက်တွန်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

 

 ၂၀၂၂၊ ဩဂုတ်လက မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည့်အပေါ် အတိုက်အခံ အင်အားစုများ၏ ဝေဖန်ပြစ်တင်မှုကို ရင်ဆိုင်ခဲ့ရသလို စစ်ကောင်စီကလည်း နိုလင်းဟေဇာ၏ ကြေညာချက်ကို တစ်ဖက်သတ်ထုတ်ပြန်ချက်ဟု ပြစ်တင်ခဲ့သည်။

 

ြန်မာခရီးစဉ်အတွင်း အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရသည့်အပေါ် စိတ်ပျက်ခဲ့ပြီး နောက်နောင် တွေ့ဆုံခွင့်မရသမျှ မြန်မာသို့ မလာတော့ဟု ပြောကြားခဲ့သည်။

 

မြန်မာအရေး ဖြေရှင်းရန် ကုလ၏ ကြိုးပမ်းချက်များ အရာမထင်ခဲ့သလို အာဆီယံအထူး ကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်း သည်လည်း မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့ရာ တိုးတက်မှု တစ်စုံတရာ မရရှိခဲ့ပေ။

 

NN-27

Ref:AFP/CAN

ဆက်စပ် သတင်းများ