ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မြန်မာသို့ ပြန်မည့် မွတ်ဆလင်ဒုက္ခသည်များကို မိသားစုတစ်စုလျှင် ကန်ဒေါ်လာ ၂၀၀၀ ပေးမည်ဟု မက်လုံးပေးမှုရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 553

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်လျှက်ရှိရာ ပထမအသုတ်အဖြစ် ဒုက္ခသည် ၁၁၀၀ လက်ခံရန် သဘောတူထားကြသည်။

 

ထိုအတောအတွင်း မြန်မာသို့ပြန်မည့် မွတ်ဆလင်ဒုက္ခသည် မိသားစုတစ်စုလျှင် အမေရိကန် ဒေါ်လာ ၂၀၀၀ ပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်ဟု Dhaka Tribune ၏ သတင်းတွင် ဖော်ပြသည်။

 

စာရင်းပေးထားသည့် မွတ်ဆလင်ဒုက္ခသည်များက ပြန်ရန် ငြင်းဆန်နေသည့်အတွက် ရပ်ရွာအုပ်ချုပ်ရေးမှူး၊ မွတ်ဆလင်လူကြီး(majhis) များက တစ်အိမ်ထောင် ဒေါ်လာ ၂၀၀၀ ပေးမည်ဟု မက်လုံးပေးနေကြောင်း ကော့ဘဇား၊ တက်ခနက်ရှိ မွတ်ဆလင်များဒုက္ခသည်များက ပြောသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ ကော့ဘဇားရှိ ကုလအေဂျင်စီများနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေး နှင့် ပြန်လည်ပို့ဆောင်ရေးကော်မရှင်(RRRC)ရုံးမှ တာဝန်ရှိသူများက တစ်စုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိခဲ့ပေ။

 

 ပြီးခဲ့သည့်အပတ်က မြန်မာသို့ပြန်ရန် စာရင်းပေးထားသည့် ဒုက္ခသည် ၂၃ ဦး ဘာဆန်ချာကျွန်း ဒုက္ခသည်စခန်းမှ အိုကီးယားကူတူပလောင် ကြားစခန်းသို့ ရောက်ရှိလာခဲ့သည်။

 

 အင်္ဂါနေ့က ဘာ့ဆန်ချာရှိ ဗလီများတွင် ပြန်လိုသူများ စခန်းရုံးရှေ့သို့ လာရောက်ကြရန် ကြေညာခဲ့ရာ နောက်တစ်နေ့တွင် စာရင်းပေးထားခြင်းမရှိသောလူပေါင်း ၃၀၀ခန့် စုဝေးရောက်ရှိလာပြီး နောက်တစ်နေ့တွင် မွတ်ဆလင်ဒုက္ခသည်မိသားစုအများအပြား ထပ်မံ ရောက်ရှိလာသည်ဟုဆိုသည်။

 

ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်များက မြန်မာသို့ပြန်မည့်သူများ တစ်အိမ်ထောင် ဒေါ်လာ ၂၀၀၀ ပေးမည်ဟုပြောဆိုသည့်အတွက် ယခုကဲ့သို့ ရောက်ရှိလာကြခြင်းဖြစ်သည်ဟု သတင်းကဆိုသည်။

 

ပထမအသုတ်အဖြစ် မွတ်ဆလင်ဒုက္ခသည် ၁၁၀၀ ကို ပြန်ပို့ပြီးလျှင်ယခုနှစ်အတွင်း ဒုက္ခသည် ၆၀၀၀ ပြန်ပို့ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများသည် မတ်လ(၁၈)ရက်က တရုတ်နိုင်ငံ ကူမင်းတွင် တွေ့ဆုံပြီး ဒုက္ခသည် ပြန်လည်လက်ခံရေး ဆွေးနွေးခဲ့ကြသည်။

 

ဘင်္ဂလားဒေ့ရှ်ဘက်က တစ်ရက်လျှင် လူပေါင်း ၃၀၀ နှင့် တစ်ပတ်လျှင် ငါးရက် လက်ခံရန်အဆိုပြုခဲ့သော်လည်း မြန်မာဘက်က လက်ခံနိုင်သည့်အနေအထားအရ တစ်ရက်လျှင် လူ ၃၀ နှုန်း နှင့် တစ်ပတ် ငါးရက် လက်ခံရန်သဘောတူခဲ့သည်ဟု သိရသည်။

NN-27

ref: Dhaka Tribune (ပုံစာ-ဘာဆန်ချာကျွန်းပေါ်မှ ဒုက္ခသည်စခန်း)

ဆက်စပ် သတင်းများ