သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

အငြင်းပွားတောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောနှင့် ခိုက်ရန်ဖြစ်ရာမှ ဖိလစ်ပိုင်၄ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 894

အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း အင်္ဂါနေ့က ဖိလစ်ပိုင်ရေတပ်ရေယာဉ်တစ်စီးအား တရုတ်ကမ်းခြေစောင့်တပ်မှ ရေယာဉ်တစ်စီးက မီးသတ်ရေပိုက်ဖြင့် ထိုးသဖြင့် ဖိလစ်ပိုင်ရေယာဉ်ဝန်ထမ်း လေးဦး ဒဏ်ရာရပြီး ရေယာဉ်​၏ လေကာမှန်များ ပျက်စီးသွားသည်ဟု ဖိလစ်ပိုင်ရေတပ်က ပြောကြားလိုက်သည်။

ဖိလစ်ပိုင်ရေတပ်အလုပ်အဖွဲ့​၏ ပြောကြားချက်အရ တရုတ်ကမ်းခြေစောင့်တပ်​၏ ရန်စသည့် လုပ်ဆောင်မှုများနှင့် အန္တရာယ်ရှိသော မောင်းနှင်မှုများသည် အသက်အန္တရာယ်ကိုပါ ထိပါးနေသည်ဟု ဆိုသည်။

ဖိလစ်ပိုင်သင်္ဘော​၏ လေကာမှန်များ ပျက်စီးသွားပြီး တရုတ်သင်္ဘောပေါ်မှ ပြင်းအားမြင့် ရေပိုက်ဖြင့် ထိုးသဖြင့် ဖိလစ်ပိုင်ရေတပ်ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖိလစ်ပိုင်ရေတပ်က ဆိုသည်။

တရုတ်ကမ်းခြေစောင့်တပ်ဘက်ကမူ ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်ရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်ရေယာဉ်များကို တရုတ်ကမ်းခြေစောင့်ရေယာဉ်များနှင့် စစ်သားများက ရှေ့မှ ပိတ်ပြီး မောင်းနှင်ရာမှ ထိခိုက်မှုဖြစ်ပွားကာ သင်္ဘောပျက်စီးမှုဖြစ်ခဲ့ရသည်ဟု ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီးလာက လူမှုကွန်ယက် အိတ်စ် တွင် ရေးသားခဲ့သည် /

တရုတ်ကမ်းခြေစောင့်တပ်​၏ ထုတ်ပြန်ကြေညာချက်အရ Ren'ai Reef သန္တာကျောက်တန်းအနီး တရုတ်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဖိလစ်ပိုင်သင်္ဘောများကို ဥပဒေနှင့်အညီ ထိန်းချုပ်ရန် တရုတ်သင်္ဘောများက လုပ်ဆောင်ခဲ့ပြီး သတိပေးနေသည့်ကြားက ဝင်လာသည့်အတွက် သင်္ဘောချင်းတိုက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် စပရတ်လေကျွန်းများအပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ၎င်းတို့​၏ ပိုင်နက်အဖြစ်ကြေညာထားသည်။

သို့သော် နိုင်ငံတကာခုံရုံး​က ၂၀၁၆ခုနှစ်တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တွင် တရုတ်တို့​၏ ကြေညာချက်မှာ သမိုင်းကြောင်းအရ အခြေအမြစ်မရှိဟု ဆိုသည်။

တရုတ်အစိုးရသည် နိုင်ငံတကာခုံရုံး​၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ တောင်တရုတ်ပင်လယ်ကို ၎င်းတို့ပိုင်နက်အဖြစ်သတ်မှတ်ထားရာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်များနှင့် မကြာခဏ ထိပ်တိုက်တွေ့လျှက်ရှိသည်။

အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့မှုဖြစ်စဉ်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်ရေယာဉ်များက ဒုတိယသောမတ်စ်ရေတိမ်ရှိ ဖိလစ်ပိုင်ရေတပ်ကင်းစခန်းသို့ ရိက္ခာပစ္စည်းများ သွားရောက်ပို့ဆောင်စဉ် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောများ​၏ ဟန့်တားမှုကို ခံရခြင်းဖြစ်သည်။

ဖိလစ်ပိုင်သည် ၁၉၉၉ခုနှစ်က ဒုတိယသောမတ်စ်ရေတိမ်( Second Thomas Shoal )တွင် ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့သည့် BRP Sierra Madre သင်္ဘောကြီးပေါ်၌ ၎င်း​၏ရှေ့တန်း ရေတပ်ကင်းစခန်းတစ်ခုကိုတည်ဆောက်ထားခဲ့သည်။ ref: Bangkok Post.

ဆက်စပ် သတင်းများ