ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

အပစ်ရပ်စဲရေး စစ်ကောင်စီစတင်ချိုးဖောက်၊ ရှမ်းမြောက်တွင် တိုက်ပွဲများဖြစ်ပွားနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

စစ်ကောင်စီသည် ပူပူနွေးနွေး အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (TNLA)ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု တအာင်းတပ်မတော် (TNLA) မှ သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်း အပစ်ရပ်စဲရေးရမည်ဟု သဘောတူညီမှု ရရှိထားသော်လည်း ယနေ့ နံနက် ၉ နာရီဝန်းကျင်က ကျောက်မဲမြို့အနီးရှိ ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ ဇန်နဝါရီ ၁၃ ရက် နံနက် (၉:၁၈)နာရီအချိန်တွင် ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အား အလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော် PSLF/TNLA မှ အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည်ကို စိုးရိမ်မှုနှင့် ဆုံးရှုံးမှုများမည်ကို စိုးသောကြောင့် ယာယီ နောက်ဆုတ်ပေးလိုက်ရကြောင်း ဖော်ပြထားသည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊  စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယမန်နေ့ကလည်း စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာသို့ လက်နက်ကြီးဖြင့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ညီနောင် (၃) ဖွဲ့၏ ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း ဤနေ့ (ဇန်နဝါရီ ၁၂ ရက်) သည်“ဟိုင်ဂင်သဘောတူညီမှု” အရ “ဟိုင်ဂင်ဆွေးနွေးပွဲရလဒ်အသက်ဝင်သောနေ့” ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်ဟု ဖော်ပြထားသည်။

ရှမ်းမြောက်ဒေသတွင်း တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ် ကျေးရွာတွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် (TNLA) တို့ကြား စစ်ရေးလှုပ်ရှားမှုနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ အရပ်သားပြည်သူလူထုအား ဦးတည်ပစ်မှတ်ထား၍ စစ်ကောင်စီဘက်မှ လေ‌ကြောင်းတိုက်ခိုက်မှု (၅) ကြိမ်တိုင်တိုင် လာရောက်ပြုလုပ်ခဲ့ကြောင်း၊ ဤသို့လေကြောင်း တိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာတွင်းရှိ ပါရမီ လက်ဖက် စက်ရုံမှာ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

တစ်ဆက်တည်းမှာပင် ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား ရန်သူ့ ဂျက်ဖိုက်တာမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအပါအဝင် နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့ရသည်။

အလားတူပင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၂) ကြိမ်၊ မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၂) ကြိမ် နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ “နမ့်ပေါင်တပ်စခန်း” မှ ကုန်ပေါင်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၆) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မခီနုကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် နှင့် အီနိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့်  ရှမ်းမြောက်မှာ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ဇန်နဝါရီ ၁၁ ရက်ကစတင်ကာ အပစ် ရပ်ကြသော်လည်း ကျောက်မဲတွင် တအာင်းတပ်- PSLF/TNLA ရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသည့်အတွက်  တိုက်ပွဲများ  အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံများကလည်း အတည်ပြု ပြောဆိုထားသည်။

ဓာတ်ပုံ- TNLA

ဆက်စပ် သတင်းများ