အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝဒေသမှ စစ်ကောင်စီတပ်သား ၂၇၈ ဦး အိန္ဒိယသို့ထပ်မံထွက်ပြေး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 343

ပလက်ဝဒေသမှ စစ်ကောင်စီတပ်သား ၂၇၈ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထပ်မံ ထွက်ပြေးလာကြောင်း အိန္ဒိယ DD News Mizoram တွင်  သတင်း ဖော်ပြသည်။

၎င်းစစ်သားများသည် ဇန်နဝါရီ ၁၇ ရက်တွင် ညနေ ၄ နာရီခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ အာသံရိုင်ဖယ်တပ်ရင်းသို့ ရောက်ရှိလာသည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါ တပ်သားများသည် ရက္ခိုင့်တပ်တော် (AA) ၏ ပလက်ဝမြို့သိမ်း တိုက်ပွဲကြောင့် အသက်လု ထွက်ပြေးလာကြသူများဖြစ်ကြောင်း မီဇိုရမ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်သည့် အေအေ၏ထုတ်ပြန်ချက်တွင် ပလက်ဝ ဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် “နှမဒါဗျူဟာ”နှင့် “ခန်ခတောင် ဗျူဟာ" စခန်းနှစ်ခုထဲမှ “ခန်ခတောင်ဗျူဟာ" စခန်းတို့ကို  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက် နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး “ခန်ခတောင်ဗျူဟာ" မှ စစ်ကောင်စီတပ်သားများမှာ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ရေးသားထားသည်။


သို့အတွက် ယခု အိန္ဒိယသို့ ထွက်ပြေးသွားသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦးမှာ အဆိုပါ ခန်ခတောင် ဗျူဟာမှ ဖြစ်နိုင်သည်ဟု စစ်ရေး သုံးသပ်သူများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်ကလည်း  ရက္ခိုင့်တပ်တော် (AA)၏ ပလက်ဝ၊ ပွိုင့်(၃၇၇) စခန်းသိမ်း တိုက်ပွဲနှင့် မြိတ်၀ တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကို စစ်ကောင်စီက စစ်တွေမြို့သို့ လေယာဉ်ဖြင့် ပြန်ခေါ်လာသည်ဟု သိရသည်။

ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားများ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးမှုမှာ ၂၀၂၃ နိုဝင်ဘာလတွင် ၃ ကြိမ်၊ ဒီဇင်ဘာလတွင် ၁ ကြိမ်နှင့်  ၂ဝ၂၄ ဇန်နဝါရီလတွင် ၂  ကြိမ် စုစုပေါင်း ၆ ကြိမ် အထိ ရှိလာခဲ့ပြီဟု သိရသည်။ (NN-7)

(ဓာတ်ပုံ- Khai Sa)


ဆက်စပ် သတင်းများ