- Web Master
- ၂၉ သြဂုတ် ၂၀၂၄
သိန်းဇော်(မောင်တော)
နိရဥ္စရာ၊ သြဂုတ် ၂၂/ ၂ဝ၁၉
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ တိမ်ညိုစခန်းစခန်းတွင် လိုအပ်ချက်များကို ထောက်ပံ့နိုင်ရေး ပြည်နယ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်းများနှင့် ညှိနိုင်းဆောင်ရွက်နေကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ICRC မှ တိမ်ညိုစခန်းအား ရိက္ခာ ထောက်ပံ့ပေးနေမှုအား ရခိုင်ပြည်နယ် အစိုးရမှ ဟန့်တားသဖြင့် ယာယီရပ်နားလိုက်သည်ဟုကြားသိရ၍ ထိုကိစ္စနှင့် ပတ်သက်ပြီး ICRCသို့ နိရဥ္စရာ သတင်းဌာနမှ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ICRC တာဝန်ရှိသူက ထိုသို့ ပြန်လည် ဖြေကြားသည်။
“ ICRC အနေက တိမ်ညိုစခန်းမှာ ၂ဝ၁၉ခုနှစ် မေလကစပြီး အထောက်အပံ့တွေ ပေးနေခဲ့ပါတယ်။ စခန်းတွေမှာ အဓိကမရှိမဖြစ်မဖြစ် လိုအပ်မယ့် ပစ္စည်းတွေကို သေသေချာချာ လေ့လာပြီး အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့ ပြည်နယ်နဲ့ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ နောက်ထပ်လဲ လိုအပ်ချက်တွေကို လိုအပ်သလို ထိထိ ရောက်ရောက် ပေးနိုင်ဖို့အတွက် အဆက်မပြတ် လေ့လာနေသလို သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီး အကူအညီတွေ ပေးသွားမှာပါ” ဟု ပြန်လည် ဖြေကြားသည်။
ICRC မှ စာဖြင့်ဖြေကြားရာတွင် ပြည်နယ် အစိုးရမှ ဟန့်တားထားခြင်း ရှိ/မရှိကိုမူ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပါ။
၎င်းပြင် ICRC က အကူအညီပေးနေသည့် အဖွဲ့သည် သြဂုတ်လ ၂၁ ရက်နေ့ တိမ်ညိုကို ရောက်ရှိ နေပြီး စားနပ်ရိက္ခာထောက်ပံ့နေကြောင်း၊ မြေပြင်၌ အမှန်တကယ်လိုအပ်နေသည့် အခြေအနေ ကိုလည်း လေ့လာမှုတွေလုပ်နေကြာင်း၊ လေ့လာတွေ့ရှိချက်များအရ နောက်ထပ် ဆန်လိုအပ်ချက် ရှိသလား၊ တခြားလိုအပ်ချက်ရှိသလား လေ့လာပြီး လိုအပ်သည်ဆိုလျှင် အာဏာပိုင်များနှင့် ဆွေးနွေးပြီး လိုအပ်သည်များကို အမြန်ဆုံး ကူညီထောက်ပံ့ ပေးသွားမည်ဟု ICRC က ပြောသည်။
တိမ်ညိုစစ်ဘေးရှောင် စခန်းမှတာဝန်ခံ ကိုဝေလအောင်သို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ရာတွင် ၎င်းက “ ရိက္ခာများထောက်ပံ့ရန် ICRC မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ခွင့်ချက်တင်သည့်အခါ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်အိတ်အလုံအလောက် ရှိသည်ဟုဆိုကာ ယခုလအတွင်း ထောက်ပံ့ပေးရန် ခွင့်ပြုချက်မရခဲ့ကြောင်း ICRC က ဆက်သွယ်ပြောကြားလာသည်ဟု ၎င်းက ပြောဆိုသည်။
“ အခု ကျနော်တို့စစ်ဘေးရှောင်စခန်းမှာ ဆန်အိတ်ရှိတာက ၁ဝဝ လောက်ဘဲ ရှိတော့တယ်။ ၂ဝ ရက်နေ့က မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ဆီက ဆယ်သိန်းဖိုး ဆန်အိတ်(၅ဝ) ဝန်းကျင် လှူခဲ့လို့ အခု ကျနော်တို့ တိမ်ညို စခန်းမှာ ဆန်အိတ် (၁၅ဝ) ရှိပါတယ်။ အဲ့ဒါနဲ့လည်း မလောက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်လကို ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ ဆန်အိတ် (၁၁၂၈)အိတ် လိုပါတယ်” ဟု ကိုဝေလှအောင်က ပြောသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်အိတ်အလုံလောက်ရှိ၍ ယခုလတွင်း ထောက်ပံ့ ပေးစရာ မလိုဟုဆိုကာ အစိုးရအဖွဲ့မှ ခွင့်ပြုမပေးသည့် အတွက် ICRC မှ စားနပ် ရိက္ခာ ထောက်ပံ့မှု ယာယီရပ်နာလိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။
၎င်းသတင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသတင်းအချက်အလက်အား မသိရသေးသည့် အတွက် ၄င်းအနေဖြင့် ပြောလို့ မရသေးကြောင်း ပြန်လည် ဖြေကြားသည်။
တိမ်ညိုစစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတစ်ခုတည်းတွင် အိမ်ထောင်စု ၇၃၈ စု၊ လူဦးရေ ၂၈၉ဝ ဦးရှိကြောင်း သိရသည်။
တိမ်ညို စခန်းအပါအဝင် တင်းထိန်ကန်၊ ပီပင်ရင်း၊ ရွာသစ်ကေစသည့် ကျေးရွာရှိ စခန်းများတွင်လည်း ICRC ရိက္ခာဖြတ်တောက်ပါက အခက်အခဲများစွာ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။
(ဓာတ်ပုံ- တိမ်ညိုစခန်းမှ စစ်ဘေးရှောင် ကလေးငယ်များကိုတွေ့ရစဉ်)