တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံနေရသူ ကိုရဲကျော်သူအား ထပ်မံရုံးထုတ်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ်၂၆/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ) ကိုဖိုးလုံး လုပ်ကြံ ခံရမှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသူ ကိုရဲကျော်သူကို စစ်တွေမြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့သည်။

ရုံးထုတ်စစ်ဆေးရာတွင် ကိုရဲကျော်သူဘက်မှ သက်သေ ၃ ဦးအားစစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းသက်သေ ၃  ဦးတို့မှာ ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဦးတင်ညို၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခိုင်ကျော်မိုးနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ခိုင်အောင်သိန်းဌေး တို့ဖြစ်ကြောင်း သိရသည်။

သက်သေအဖြစ် စစ်ဆေးခံရသူ ကိုခိုင်ကျော်မိုးက “သူ့ကိုသိလား။ လူချင်းသိကြတာလား။ အဲဒီလူသတ်မှု မတိုင်ခင်တုန်းက ရန်ကုန်မှာ ကိုရဲကျော်သူက ရှိခဲ့တာမှန်လား။ အဲဒါတွေမေးတယ်။ နေရပ်လိပ်စာတွေ ဘာညာပေါ့။ ကျန်တဲ့ ၂ ယောက်ကိုလည်း ဒီအတိုင်းပဲ မေးတာပါ။ သူနဲ့အတူ ကျွန်တော်တို့ အခင်းဖြစ်တုန်းက ရန်ကုန်မှာ ရှိနေခဲ့တာပါ။ ဒီလိုဘဲ ထွက်ဆိုခဲ့ပါတယ် ”ဟု ပြောသည်။

စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံးမှာ ၂ဝ၁၈ ခုနှစ်  စက်တင်ဘာလ ၂၅  ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်းတွင်  သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့က ကိုမေယုထွန်း၊ ကိုအောင်ဇော်လင်း၊ ကိုခိုင်ဘိုဘိုနှင့် ကိုရဲကျော်သူတို့ ၄ ဦးအား သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

၆ လကြာ အမှုကို ရင်ဆိုင်ပြီးနောက် သံသယဖြင့် ဖမ်းဆီးခံထားရသူ  ၄ ဦးထဲမှ ကိုမေယုထွန်း၊ ကိုအောင်ဇော်လင်းနှင့် ကိုခိုင်ဘိုဘိုတို့ သုံးဦးကို  ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က  ၄င်းအမှုနှင့်ပတ်သက်မှုမရှိဟုဆိုကာ တရားရုံးက ပြန်လွှတ်ပေးခဲ့သည်။

ကိုရဲကျော်သူတစ်ဦးတည်းသာကို ဆက်လက်ထိန်းသိမ်းထားပြီး စစ်ဆေးခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီအမှုနဲ့ ကျွန်တော်နဲ့က ပတ်သက်မှုမရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်က ရန်ကုန်မှာပါ။ မတရားဖမ်းဆီးပြီး အခုလိုလုပ်တာပါ။ သက်သေတွေလည်း သူတို့မှာ ဘာမှမရှိဘဲ အခုလိုလုပ်တာပါ”ဟု ဖမ်းဆီးစစ်ဆေးခံထားရသူ  ကိုရဲကျော်သူက ယနေ့ ရုံးထုတ်လာစဉ် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကိုရဲကျော်သူအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်မှ လူသတ်မှု ပုဒ်မ ၃ဝ၂၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၃၄ တို့ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့သည်။

လာမည့်စက်တင်ဘာလ (၉)ရက်နေ့တွင် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ