- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၇/၂ဝ၁၉
ရန်ကုန်-စစ်တွေ ခရီးသည်တင်ကားပေါ်တွင် တပ်သားဟောင်း ဆိုသူ တစ်ဦးမှ မသန်စွမ်းသူ အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာပြုလုပ်သဖြင့် ၎င်းအား နီးစပ်ရာ ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။
စက်တင်ဘာလ ၅ရက်နေ့ ညည့် ၁၂နာရီခန့် တွင်ကားပေါ်၌ သူမ သမီးဖြစ်သူ မသန်စွမ်းသူ အမျိုးသမီး မ ××× (၁၈) နှစ်မှာ မဖွယ်မရာ ပြုလုပ် ခံခဲ့ရသည်ဟု မိခင်ဖြစ်သူက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
"သူက ကျမတို့ နောက်ကခုံမှာ ထိုင်တာပါ ။ စစ်သားလို့လည်း ကားပေါ်မှာ ပြောလာပါတယ်။ အထူး ထောက်လှမ်းရေးနဲ့ ရခိုင်ဘက် ရောက်နေတာလို့ပြောပါတယ်။ လူမျိုးက ဗမာနဲ့ ကရင်စပ်တယ်လို့လည်းပြောပါတယ်။ ညရောက်တော့ ကျမ အိပ်ပျော်နေတုန်း သမီးကနိုးပြီး ကျမကိုတိုင်ပါတယ်။ ကလေးကို မဖွယ်မရာ ကိုင်တွယ် ပြုကျင့်နေတယ်လို့ပြောပါတယ်" ဟုမိခင်ဖြစ်သူက ပြောသည်။
၎င်းမသန်စွန်း အမျိုးသမီးငယ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဖြစ်ပြီး ရန်ကုန်မြို့ရှိ အင်းစိန် မသန်စွမ်းကျောင်းသို့ သင်တန်း တတ်ရန် မိခင်နှင့်အတူ အောင်ပြည့်စုံ Express ခရီးသည်တင်ကားဖြင့့် သွားရောက်စဉ် လမ်းခရီးတွင် ယခုလို မဖွယ်မရာ ပြုလုပ် စော်ကားခံရကြောင်း ၎င်းမှ ပြောသည်။
“ ကားက မကွေးတိုင်းဒေသကြီး ပဒါန်းမြို့သို့ရောက်ခါနီး ၁ဝ မိုင်ခန့် လောက်မှာ စက်ပျက်သွားပါတယ်။ စက်ပျက်တာက စက်တင်ဘာ ၅ရက်နေ့ ညနေ ၇နာရီကျော်ခန့်မှာ ဖြစ်ပါတယ်။ မကွေးတိုင်းမြို့နယ် မဲတောင်ပေါ်မှာ ကားပျက်တော့ ရပ်နား ထားရာကနေ ညဉ့် ၁၂နာရီအချိန်မှာ သူက ကျွန်မသမီးကို မဖွယ်မရာလုပ်တာပါ။ ဒီလို မဖွယ်မရာလုပ်တာကို ကားသမားတွေ သိသွားတော့ စက်တင်ဘာ ၆ ရက် မွန်းလွဲ၁၂နာရီမှာ နီးစပ်ရာ ပဒါန်း ရဲစခန်းသို့ မောင်းနှင်ပေးခဲ့ပြီး ရဲလက်ကို အပ်လိုက်ပါတယ်” ဟု မိခင်ဖြစ်သူက ပြောကြားသည်။
၎င်းကျူးလွန်သူဟု စွပ်စွဲခံရသူ အမျိုးသားထံမှ ကဒ်ပြား ၂ ခု သိမ်းဆည်းရမိပြီး တစ်ခုမှာ ဦးကျော်တင်ဝင်း (၃၇)နှစ် (ဘ) ဦးမောင်တင်ဝင်း ဖြစ်ပြီး ကိုယ်ပိုင်အမှတ် (တ ၄၂၆၆ဝ၁) မိုင်းဆတ်ခြေလျင်တပ်ရင်း၊ ရှမ်းအရှေ့ဟု ရေးသားထားကြောင်း၊ နောက် သက်သေခံကဒ်ပြားတစ်ခုမှာ အမျိုးသား မှတ်ပုံတင် ဖြစ်ပြီး ရခိုင်/ဗုဒ္ဓဟု ပါရှိပြီး အသက် ၃၁နှစ်ဖြစ်နေကာ အမှတ် ၅၂၇ ၊မယ်ဆွန်တောင်ရပ်ကွက်၊ မိုင်းဆတ်မြို့ဟုပါရှိကြောင်း သိရသည်။
ပဒါန်း ရဲစခန်းသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက "ကျနော်တို့ဆီမှာ အမူဖွင့်ခဲ့တာ ဟုတ်ပါတယ်။ အထက်ကို တင်ပြထားပါတယ်။ ကျနော် ဘာမှ ပြောပိုင်ခွင့်မရှိပါဘူး။ စခန်းမှူးကိုမေးပါဗျာ ။ သူ့ဖုန်းနံပါတ်တော့ ပေးလို့မရပါဘူး။ အခုတရားခံက လောလောဆယ် ကျနော်တို့ စခန်းမှာပါ။ ဘာဆက်လုပ်မှာလဲ ကျနော်မသိပါဘူး"ဟုပြောသည်။
စွပ်စွဲခံရသူ တရားခံအား ယနေ့ မွန်းလွဲ ၁၂နာရီ တွင် ပဒါန်း ရဲစခန်းတွင် အမူဖွင့်တိုင်ကြားရာ တရားခံက တပ်မတော်မှ ဆေးပင်စင်ယူထားပြီဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
လက်ရှိတွင် တရားခံအား မကွေးတိုင်းဒေသကြီး ပဒါန်းမြို့နယ် ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရသည်။