- Web Master
- ၂၉ သြဂုတ် ၂၀၂၄
ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၄ /၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊မယူကမ်း အငူမော်ကျေးရွာသား ၁ဝဝ ကျော်သည် ကျေးရွာအတွင်းမှ လူတစ်ဦး သေနတ်ကျည်ဆံထိမှန်သေဆုံးမှု၊ ရွာသားတစ်ဦးဖမ်းဆီးခံရမှုနှင့် ရွာအတွင်း တပ်မတော်က စစ်ဆေးမှုများ ရှိနေသဖြင့် စိုးရိမ် ကြောက်လန့်ပြီး စစ်တွေမြို့ပေါ်သို့ထွက်ပြေးရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။
စက်တင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့ အတွင်း လူဦးရေ (၁၁၃) ယောက် စစ်တွေမြို့ ဓညဝတီ(က) ရပ်ကွက် ဓမ္မာရာမ ကျောင်းသို့ရောက်ရှိနေကြောင်း သိရသည်။
“ကျွန်မတို့ရွာကို စစ်သားတွေ ဝိုင်းထားလို့ကြောက်ပြီး ပြေးလာကြတာပါ။ ကျွန်မက ကိုယ်ဝန်သည် ဆိုတော့ ပြေးရလွှားရ နဲ့အတော်ကြောက်ခဲ့ပါတယ်။ မနေ့ကလည်း ရွာက တစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ အိမ်တွေကိုလည်း တက်မွှေတယ်။ အခုလိုကိုယ့် အိမ်ကို ပစ်ပြီး ပြေးလာရတာ စိတ်မကောင်းပါဘူး” ဟု ထွက်ပြေးလာသူ အငူမော်ကျေးရွာသူ မဦးသန်းက နိရဥ္စရာ သတင်းဌာနကို ပြောသည်။
စက်တင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းက ထွက်ပြေးလာသူ ဦးရေ ၄ဝ ကျော်ရှိပြီး၊ ယနေ့တွင် ၇ဝ ကျော် ထပ်မံ ထွက်ပြေး ခိုလှုံရောက်ရှိလာသည်ဟု စစ်တွေမြို့ ဓမ္မာရာမ ကျောင်းတိုက်ဆရာတော်က နိရဥ္စရာကို မိန့်ကြားသည်။
“ဆရာတော်က အရင်က အငူမော်ရွာမှာ ကျောင်းထိုင်ဖူးတယ်။ ရွာသားတွေက ပြေးစရာမရှိတော့ ဆရာတော်ဆီကိုပဲ လာကြတာပါ။ အခု ၁၁၃ ယောက်ရောက်နေတာပါ။ လောလောဆယ်ရပ်ကွက်က လူတွေနဲ့ ဆရာတော်ကျောင်းမှာ ရှိတဲ့ဟာလေးတွေ နဲ့ အဆင်ပြေနေပါတယ်။ အစိုးရက ဒီကလူတွေကို နေရပ်ပြန်ခိုင်းရင် လုံခြုံမှုပေးနိုင်မလားဆိုပြီး မေးရပါမယ်” ဟု ဆရာတော် ဦးသုမင်္ဂလ ကမိန့်ကြားသည်။
ရသေ့တောင်မြို့နယ် မယူကမ်း၊အငူမော် အေရှားဝေါ့လ်ဆိပ်ကမ်းတွင် စက်တင်ဘာ ၂၁ ရက်နေ့က ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တုံ့ပြန်ပစ်ခတ်စဉ် သီးနှံစိုက်ခင်း အတွင်း မြေဆီကြဲနေသော အငူမော် ကျေးရွာသား ဦးကျော်ဝင်းမှာ သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း အငူမော်ရွာမှ ဦးအိုးဖောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်တွေ အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။