- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၃/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အခြေစိုက် ၅၃၆ တပ်ရင်းမှ အရာခံဗိုလ်တစ်ဦးသည် ယနေ့ နံနက်က မိမိကိုယ်ကို လုပ်ကြံသေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ ဒုအရာခံဗိုလ်ထွန်းမြင့် (၅၇)နှစ်ဖြစ်ကြာင်း သိရသည်။
သူ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ၎င်းမှာ မိမိပါးစပ်သေနတ်ပြောင်းဝကို ငုံပြီး ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်စေ့ပွင့်ထွက်သွားခဲ့ကြောင်း၊ ဖြစ်ပွားချိန်မှာ ယနေ့နံနက် ၈ နာရီကျော်နှင့် ၉ နာရီ အကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သတ်သေရခြင်းအကြောင်းအရင်းကို မသိရကြောင်း ပြောကြားသည်။
ဇနီးဖြစ်သူမှာ ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်တွင်နေထိုင်ပြီး လက်ရှိတွင် ရန်ကုန်တွင် ဆေးကုသရန် သွားရောက်နေသဖြင့် ဇနီးသည် ပြန်ရောက်မည့်မနက်ဖြန်မှ သဂြိုံလ်မည် ဖြစ်သည်ဟု သိရသည်ဟု ၎င်းက ပြောကြားသည်။
ရသေ့တောင်မြို့ ဒေသသခံ တစ်ဦးကလည်း မိမိကိုယ်ကို သတ်သေသွားသည်မှာ ဟုတ်မှန်ကြောင်း၊ ၎င်းအရာခံဗိုလ်မှာ မွန်လူမျိုးဟု သိရှိရကြောင်း၊ ၅၃၆ တပ်ရင်း ရသေ့တောင်တွင် အခြေစိုက်ကတည်းက တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ ပင်စင်ယူရန်လည်း နီးကပ်နေပြီဟု သိရကြောင်း၊ ရခိုင်အမျိုးသမီးနှင့် အိမ်ထောင်ကျပြီး တပ်ရင်းထဲတွင် သမီးဖြစ်သူ မိသားစုနှင့် အတူ နေထိုင်ကြောင်း ပြောကြားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။