သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သေနတ်ပစ်ခတ်သံများကြောင့် ရေမျက်ရွာသားတို့ ကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူမြစ် မြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရေတပ်သင်္ဘော တစ်စီးမှ ရေမျက်အောက်ရွာအနီး အရောက်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းအနီးအနားရှိ ရေမျက်အထက်ရွာနှင့် ရေမျက်အောက်ရွာမှ ကျေးရွာသားများမှာ ကြောက်လန့် ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ရေတပ်သင်္ဘောနဲ့  မြစ်အောက်ဘက်ကနေ ပစ်ပြီးတက်လာတာပါ။ သူတို့က သေနတ်နဲ့ ပစ်တော့  အနီးအနားကလူတွေအားလုံး ကြောက်ပြီးထွက်ပြေးကြရပါတယ်။ ဘယ်ရွာဘယ်ရွာကို ထွက်ပြေးသွားကြတယ်  ဆိုတာလည်း မသိဘူး။ ရတဲ့ နေရာကို ထွက်ပြေးကြပါတယ်။ သေနတ်ပစ်ပြီး ရွာထဲကိုဝင်လာမှာကိုကြောက်လို့ ဆိုင်ရောင်းနေတာ ဆိုင်တောင်မသိမ်းနိုင်ခဲ့ဘူး” ဟု ရေမျက်ကျေးရွာသူ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

တပ်မတော်ရေတပ် ဇက်သင်္ဘောသည်  ယနေ့နံနက် ၁ဝ နာရီခန့်တွင် ရေမျက်အောက်ရွာအနီးတွင် ဆိုက်ကပ်ပြီး ကျေးရွာသားများကြောက်ပြီး ထွက်ပြေးစဉ်  သေနတ်များဖြင့် လှမ်း ပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ရေမျက်အောက်ကျေးရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။

“ ပစ်ခတ်မှုဖြစ်တာက ရေမျက်အောက်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ သူတို့က လူတွေကပ်နေတဲ့ ဖောင်တော်မှာ မကပ်ဘဲ တစ်ခြားနေရာတစ်ခုက ဆိုက်ကပ်ပြီး စစ်သားတွေတက်လာတာကို မြင်တော့ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြပါတယ်။  ရေမျက်အောက်ရွာကလူတွေရော၊ ရေမျက်အထက်ရွာက လူတွေ၊ ဟိုညောင်ပင်လှရွာက လူတွေရော အကုန် ထွက်ပြေးကြပါတယ်။ သေနတ်ပစ်တော့ အကုန်လုံးကြောက်ကြပါတယ်” ဟု ပြောကြားသည်။

၎င်းဝန်းကျင်တွင် မြစ်ကမ်းအနီး၌ အိမ်ခြေ ၃ဝ ခန့်ရှိသော ရေမျက်အောက်ရွာ၊ ၎င်းအနီးတွင် အထက်ဘက်တွင် အိမ်ခြေ ၁ဝဝ ကျော်ရှိသည့် ရေမျက်အထက်ရွာဟု ရှိကြောင်း၊  ၎င်းအနီးတွင် ညောင်ပင်လှရွာလည်း ရှိကြောင်း ၎င်းက ပြောသည်။

စစ်သားများမှာ ရေမျက်အောက်ရွာမှ ညောင်ပင်လှရွာကို ဖြတ်ပြီး  ပြိန်းတောကျေးရွာသို့ ထွက်ခွာသွားသဖြင့် ရွာသားများမှာ ယခုအခါ ရွာကို ပြန်ရောက်နေကြပြီဟု ဆိုသည်။

ရေတပ်မှ  ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာသားများကြောက်လန့် ထွက်ပြေးကြသည့် သတင်းအား ရရှိထားကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ပြောဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ယနေ့ ညနေ ၄နာရီ ၅မိနစ်က ဆက်သွယ်မေးမြန်းခဲ့ရာ ရေမျက် ကျေးရွာသားများထွက်ပြေးခြင်းမှာ အေအေမှ ပစ်ခတ်မှုကြောင့် ထွက်ပြေးကြခြင်းဖြစ်သည်ဟု ပြန်လည် ဖြေကြားသည်။

“ရွာသားတွေထွက်ပြေးတယ်ဆိုတာ အေအေက ပစ်လို့ထွက်ပြေးကြတာ။ အေအေကပစ်လို့ကျနော်တို့က ပြန်ပစ်တာ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ဘက်မှ သဘောထားကို မေးမြန်းတင်ပြပေးနိုင်ရန် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း  အဆက်အသွယ်မရရှိခဲ့ပါ။ 

(ဓာတ်ပုံ- မြတ်ခွာညို)

ဆက်စပ် သတင်းများ