တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကာလ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်လာသူများရှိနေ၍ မောင်တောဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

မာန်ယုကျော် (ရွှေဝမြေ)၊ အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၇/၂ဝ၂ဝ

ကိုဗစ်အနီရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ခရိုင် အတွင်းမှ မူဆလင်ဒုက္ခသည်များ နယ်စပ် ဝင်ပေါက်များမှ တစ်ဆင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက်မှုများရှိနေ၍ ကိုဗစ်အန္တရာယ်ကို အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

 “ဒီမှာက လူမျိုးပေါင်းစုံနေတဲ့နေရာဖြစ်နေတယ်။ လူမျိုးရေးခွဲခြားလို့ပြောတာလည်း မဟုတ်ဘူး။ သူတို့က မြို့ထဲမှာသွားလာတာတွေ အတော်များတယ်။ ဖြစ်လာရင်ဘယ်သူ့ဆီမှာ ကူးစက်မယ်မှန်း မသိဘူး။ အသွားအလာကများတာကိုး။ ကျွန်မတို့မောင်တောအတွက်တော့ သိပ်ရင်လေးစရာပါ။ ဟင်းသီးဟင်းရွက်တွေဆိုလည်း မူဆလင်လည်း ရောင်းတယ်။ ရခိုင်လည်း ရောင်းတယ်။ အဲဒီ ဟင်းသီးဟင်းရွက်တွေ ရောင်းဝယ်တဲ့အခါ ကူးစက်နိုင်လားဆိုပြီး ကျွန်မတို့ အမျိုးမျိုး ကြောင့်ကြ နေရတယ်”ဟု မောင်တောမြို့ ရပ်ကွက် (၃)မှ မခင်သန္တာက နိရဥ္စရာသတင်းဌာနအား ပြောသည်။

မောင်တောဒေသနှင့် နတ်မြစ်တစ်ခုတည်းသာခြားသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်တစ်ခုတည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂ဝ သေဆုံးပြီး လူပေါင်း ၈၉ဝ ဦးတွင် ရောဂါကူးစက်ခံရပြီးနောက် ၄င်းခရိုင်အား နိုင်ငံ၏ပထမဆုံး ကိုဗစ်အနီရောင်ဇုန် အဖြစ် ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ 

တစ်နိုင်ငံလုံးတွင်လည်း ဇွန်လပထမပတ်အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ခြောက်သောင်းကျော်ရှိပြီး သေဆုံးသူ ၈ဝဝ ကျော်သွားပြီဖြစ်သည်။ မောင်တောဒေသမှ ထွက်ပြေး သွားသည့် မူဆလင်များနေထိုင်သည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းများတွင်လည်း ရောဂါ ကူးစက်မှုများရှိနေသည်ဟု သိရသည်။

မြန်မာဘက်မှထွက်ပြေးသွားသည့်မူဆလင်များနေထိုင်သော ဘင်္ဂလာဒေ့ရှ်နိုင်ငံ သံခါလီ ဒုက္ခသည်စခန်းမှ မူဆလင် (၅)ဦးသည် မေလ ၃ဝ ရက်နေ့က မောင်တောမြို့နယ် လိပ်ရကျေးရွာမှတဆင့် လူဦးရေထောင်ချီရှိသည့် ဦးရှည်ကျကျေးရွာသို့ ခိုးဝင်လာခဲ့သည်။ 

ယင်းနောက် ၄င်းတို့ထဲမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနေ့တွင်ပင် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ တရားမဝင် ပြန်လည် ဝင်ရောက် လာသည့် မူဆင်အမျိုးသားတစ်ဦးနှင့် ဟိန္ဒူအမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့သည်။ ဇွန်လ ၅ ရက် နေ့တွင်လည်း မောင်တောမြို့နယ်စပ်မှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် အမျိုးသမီး၊ ကလေးငယ်များအပါအဝင် မူဆလင် ၈ ဦးကို ဘူးသီးတောင်မြို့နယ်တွင် ထပ်မံဖမ်းမိခဲ့ပြန်သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ တရားမဝင် ဝင်လာတာ ဘူးသီးတောင်မှာ အယောက် တစ်ဆယ်ကျော် ရှိတယ်။ သူတို့က ရှစ်ယောက်လို့ပြောပေမဲ့ မကဘူး။ မောင်တောကဝင်လာတာ။ မောင်တောက ဝင်မှ ဘူးသီးတောင်ကိုရောက်တာ။ မောင်တောမှာဘယ်လောက်ရှိမယ်မှန်းမသိဘူး။ သတင်းအတိအကျ မထုတ်ပြန်တာပဲရှိမယ်။ တာဝန်ရှိတဲ့အစိုးရတွေက ဒီဟာကိုစီမံခန့်ခွဲမှုမလုပ်ဘူး။ လွှတ်ထားတာက တမင်တကာဒီလိုလုပ်နေတာလားလို့ထင်မိတယ်”ဟု ပြောသည်။

 မောင်တောခရိုင်ဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ နယ်စပ်မှ မူဆလင်များ တရားမဝင် ဝင်ရောက်နေကြခြင်းမှာ နယ်စပ်ခြံစည်းရိုးမလုံသည့်အပြင် နယ်ခြားစောင့်တပ်များအား အေအေနှင့် အာဆာအဖွဲ့များက တိုက်ခိုက်မှုများရှိနေခြင်းကြောင့် တားဆီးရန် မတတ်နိုင်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာကို ပြောသည်။

“ကျွန်တော်တို့နယ်စပ်မှာ အပေါက်တွေလည်းအများကြီးပဲ။ ဝင်လို့ရတဲ့ခြံစည်းရိုးမကာနိုင်သေးတဲ့နေရာ အားနည်းချက်တွေလည်း အများကြီးပဲ။ ခြံစည်းရိုးကာလည်း လုံခြုံရေးတွေကလည်း အခုကာလ မှာ ARSA က တိုက်လိုက်၊ အေအေက တိုက်လိုက်နဲ့မို့ လုံခြုံရေးလည်း သိပ် သွားလို့ မရတာတွေ အများကြီးပဲ”ဟု သူက ပြောသည်။

 မောင်တောနယ်စပ်သို့ တစ်ဘက်ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ခိုးဝင်မှုများမရှိစေရန်အတွက် ပေါက်ပြဲ ပျက်စီးနေသည့် နယ်စပ်ခြံစည်းရိုးများအား ပြန်ပြင်ရန်နှင့် အဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်ကြီးများ၊ အဖွဲ့အစည်းများထံမှ အလှူငွေများလည်း ကောက်ခံခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာလအထိ အလှူရှင်များထံမှ လှူဒါန်းငွေ ၁၈ ဘီလီယံခန့် ရရှိထားပြီး နယ်စပ် ခြံစည်းရိုး ကာရံရန်အတွက် ဘီလီယံ ၆ဝ ခွင့်ပြုပေးထားကြောင်း၊ ခြံစည်းရိုးကို ခိုင်မာ တောင့်တင်း အောင်ကာရံပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့များဖြင့် အဆင့်ဆင့် ကာကွယ်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ပြည်နယ်၊ မြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများအား လျှောက်ထားခဲ့သည်။

သို့သော် ယနေ့အချိန်ထိ နယ်စပ်ခြံစည်းရိုးများ ပေါက်ပြဲပျက်စီးနေ၍ တစ်ဘက်နိုင်ငံမှ မူဆလင်များ နေ့စဉ်ဆိုသလို ခိုးဝင်နေနိုင်ခြင်းဖြစ်ပြီး ခိုးဝင်သူများထံမှ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိလာပြီဖြစ်သည့် အတွက် ဒေသခံများမှာ ဗိုင်းရပ်စ်အန္တရာယ်ကို အထူးစိုးရိမ်နေကြခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ မောင်တောတွင် ၁ ဦး၊ သံတွဲတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၁ ဦး၊ စုစုပေါင်း (၃)ဦးရှိသွားပြီဖြစ်သည်။

 မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၂၄၃ ဦးရှိသွားပြီဖြစ်ပြီး ယင်းအနက် ၆ ဦးသေဆုံးသွားခဲ့ပြီဖြစ်သည်။ ရောဂါပြန်သက်သာသူ ၁၅၆ ဦးရှိပြီး ၁၃၆ ဦးမှာ ဆေးရုံက ဆင်းသွားပြီဖြစ်ကာ ၅၂၈၁ ဦးကို စောင့်ကြည့်ထားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

(Photo by Reuters)


ဆက်စပ် သတင်းများ