သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နှင့် စနဲမြို့တွင် ထွက်ပြေးခိုလှုံနေကြသည့် ဒေသခံရွာသား ၄ဝဝ ကျော် နေရပ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

ဆောင်းဇာခြည်

နိရဥ္စရာ၊ နိုဝင်ဘာ ၁၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့တို့တွင် ထွက်ပြေးခိုလှုံနေသည့် ဒေသခံ ၄ဝဝ ကျော် သည် ယမန်နေ့က နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေသခံ ၄ဝဝ ကျော်မှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအုပ်စု၊ ကုလားပုန်း၊ မြို့ချွိန်၊ မော်ရုံ၊ ငညိုကိုင်း စသည့်ကျေးရွာများမှဖြစ်ကြကြောင်း ရမ်းဗြဲမြို့မှ လူမှုရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့မှ လူမှုရေးဆောင်ရွက်နေသူ တစ်ဦးက “မနေ့က မနက်ပိုင်းက သူတို့ ပြန်သွားကြပါပြီ။ ရမ်းဗြဲမြို့မှာ ခိုလှုံနေသူတွေ အကုန်လုံး ပြန်သွားပါပြီ။ သူတို့ပြန်ဖို့အတွက် ဒီက ကားတွေ စီစဉ်ပေးလိုက်ပါတယ်။ ရွာမှာက အလုပ်တွေရှိကြတယ်လေ။ လယ်တွေ၊ စပါးတွေကို ဒီအတိုင်းထားခဲ့ကြရတာဆိုတော့ အဲဒါတွေကို လုပ်ဖို့ အတွက် သွားကြတာပေါ့။ အခုလောလောဆယ်က ရွာမှာ အေးအေးချမ်းချမ်းလည်း ဖြစ်နေပြီမို့လို့ပါ ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကျေးရွာသားများမှာ ရမ်းဗြဲမြို့တွင် လူပေါင်း၄ဝဝ ခန့်နှင့် စနဲမြို့ရှိ ဘုန်းတော်ကြီးကျောင်း လူပေါင်း ၁၆ဝ ခန့် ၁ဝ ရက်ခန့်ကြာ နေထိုင်ခဲ့ကြသည်။

စနဲမြို့တွင် ခိုလှုံနေထိုင်နေကြသည့် လူပေါင်း ၁၆ဝ ခန့်ထဲမှ ကံပြင်စုဘုန်းကြီးကျောင်းတွင် လူပေါင်း ၈ဝ ခန့်ကျန်ရှိနေသေးကြောင်း စနဲမြို့နယ် အုပ်ချုပ်ရေး ဦးကိုကိုနေလင်းကြိုင်က ပြောသည်။

ဦးကိုကိုနေလင်းကြိုင်က “ကံပြင်စုရပ်ကွက်မှာ ကျန်ခဲ့တဲ့သူတွေကလည်း သက်ကြီးပိုင်းနဲ့ ကျန်းမာရေး သိပ်မကောင်းတဲ့သူတွေ နောက်ကလေးတွေပဲ ကျန်တယ်ခင်ဗျား။ အဲဒီကျန်ခဲ့တဲ့သူတွေကလည်း ပြန်မယ့်အနေအထားရှိပါတယ်။ အခု ပြန်သွားကြတဲ့သူတွေကလည်း ရွာတွေမှာ စပါးရိတ်ဖို့ဟာတွေလည်း ရှိနေလို့ပေါ့။ ကျန်တဲ့သူတွေအတွက် စားဝတ်နေရေးတော့ အခက်ခဲ မရှိပါဘူး။ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးထားပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

စနဲမြို့ရှိ ထွက်ပြေးခိုလှုံနေခဲ့သော ဒေသခံများမှာ နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် နေရပ်သို့ ပြန်သွားခဲ့ကြခြင်းဖြစ်ကြောင်း ဦးကိုကိုနေလင်းကြိုင်က ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က ကုလားပုန်းအုပ်စုထဲသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက် လာပြီးနောက် မြို့ချွိန်ကျေးရွာမှ ကိုအောင်ဌေးဝင်း (၁၉) နှစ်၊ ကိုညီစစ် (ခ) ညီထွေး (၁၈) နှစ်တို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့တွင် နောက်ထပ်တစ်ကြိမ်ရွာထဲသို့ ဝင်ရောက်လာကာ ကိုထွန်းမင်းစိုး (၂၄) နှစ်၊ ကိုစွန်းရဲထက် (၁၅) နှစ်နှင့် ကိုစိုးမောင်ချေ (၂၅) နှစ်တို့ကို ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့အား လက်ရှိ အချိန်ထိ ကျောက်ဖြူရဲစခန်းတွင် ထိန်းသိမ်းထားပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

၄င်းတပ်မတော်စစ်ကြောင်းသည် ကျေးရွာသားအချို့ကို ဖမ်းဆီးခြင်း၊ နေအိမ်အချို့တို့ကို ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်သောကြောင့် ကြောက်လန့်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

( ဓာတ်ပုံ- Oo Win Mg Post)

ဆက်စပ် သတင်းများ