သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ပေါ်သို့ တိမ်းရှောင်လာသူများအားလုံးနေရပ်ပြန်၊ မင်းပြားတွင် နေရပ်မပြန်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ နိုဝင်ဘာ၂၃/၂ဝ၂ဝ

ကျောက်ဖြူမြို့ပေါ်သို့တိမ်းရှောင်လာသူများအားလုံးမှာ နေရပ်ပြန်သွားကြပြီဖြစ်သော်လည်း မင်းပြားမြို့နယ်တွင် စစ်ဘေးရှောင်များ နေရပ် မပြန်နိုင်ကြသေးဟု သိရသည်။ 

ကျောက်ဖြူမြို့ပေါ်မှ လူမှုရေး လူပ်ရှားနေသူ ဦးထွန်းထွန်းနိုင်က “ ကျောက်ဖြူကို ရောက်လာတဲ့ စစ်ရှောင်တွေက အကုန်လုံးပြန်သွားကြပြီ။ စစ်ကြောင်းတွေ ရွာကထွက်သွားတဲ့နောက်ပိုင်း ပြန်ကြတာပါ။ ဒီလ ၁၈ ရက်နေ့က စပြန်ကြတာ။ အခုဆိုရင် တစ်ယောက်မှ မရှိတော့ပါဘူး” ဟု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်မှ သိုင်းချောင်း၊ ဇိုင်ချောင်း၊  ပြားကျွိန်၊ သပြုတောင်၊ သဖန်းခါး၊ ပြားကျွိန်၊ အချွန်း၊ တံတားဦး၊ ကြောင်ခိုး၊ ချောင်းဖျားစသည့်ကျေးရွာများမှ ရွာသား ၁ဝဝဝ ကျော်ခန့်သည် ကျေးရွာများအတွင်းသို့ စစ်ကြောင်များ ဝင်ရောက်စစ်ဆေးမှုများရှိသဖြင့် ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ 

၎င်းထွက်ပြေးလာသူများအား အလင်းရောင်ဘုန်းတော်ကြီးကျောင်းတွင် ၁၁၅ ဦး၊ သိမ်တောင်+ မူလာရာမကျောင်း ၂၁၉ ဦး၊ အောင်မင်္ဂလာကျောင်း (ဆားပြင်ကွင်း)တွင် ၉၈ ဦး၊ ဇောတိကာရုံ ကျောင်းတွင် ၁၉ ဦး၊ အေးမြစံသာကျောင်းတွင် ၆ဝ ဦး၊ မြို့နယ်ပရဟိတကျောင်းတွင် ၂၄၉ ဦးနှင့် ဓမ္မဆာယာကျောင်းတွင် ၇ဝ ဦး အသီးသီးနေရာချထားပေးခဲ့ဟုသိရသည်။

“ အခု စပါးတွေမှည့်နေပြီဆိုတော့ ရွာသားတွေအတွက် အထူးအရေးကြီးတဲ့ အချိန်ဆိုတော့ နည်းနည်း အခြေအနေငြိမ်တာနဲ့ ပြန်ကြတာပါ။ အခုဆိုရင် ဇိုင်ချောင်းတို့မှာဆိုရင် စပါးတွေ မှည့်နေတာတွေ များနေတဲ့ အတွက် အနီးအနားက ရွာသားတွေ နှစ်ရာ၊ သုံးရာလောက်နဲ့ ဝိုင်းကူပြီး စပါးတွေ ရိတ်သိမ်းပေးနေတယ်လို့ ကြားရပါတယ်” ဟု ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

မင်းပြားမြို့နယ်မှ သည်ကံ၊ အမ်းသားရွာတို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ မပြန်နိုင်ကြသေးဟု သိရသည်။ 

သည်ကံကျေးရွာအုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့ သည်ကံရွာမှာစစ်ရှောင်မိသားစုက ၂၃၆စု၊ လူဦးရေ ၉ဝဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဘယ်သူမှ မပြန်နိုင်သေးပါ။ ဟိုတစ်ရက် နှစ်ရက်က ဖားပြိုရွာသားတွေကို စစ်တပ်က ခွင့်ပြုလို့ နှစ်ရက်လောက်ကို ရွာကိုနေ့ချင်းပြန်သွားပြီး အိမ်တွေကို သန့်ရှင်းရေးလုပ်၊ မြက်တွေခုတ်ပြီး သန့်ရှင်းရေး သွားလုပ်ခဲ့ကြပါတယ်။ အခုက ပြန်ပြီးရောက်နေကြပါပြီ။ ဘယ်သူမှ မပြန်ရဲကြသေးပါဘူး” ဟု ပြောကြားသည်။

၎င်းပြင် အမ်းသားရွာတွင်လည်း စစ်ပြေးရှောင် ၅ဝဝ ကျော်ရှိနေပြီး နရန်းဘုန်းတော်ကြီးကျောင်းနှင့် မင်းပြားမြို့ပေါ်တွင်လည်း ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ မင်းပြားမြို့နယ်တွင် တိုက်ပွဲများရပ်နေသော်လည်း တပ်မတော်စစ်ကြောင်းများမှာ မြောင်းဘွေ၊ မြောက်ဦးကားလမ်းတစ်လျှောက် လှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြရဆဲဟု ဆိုသည်။ 


ဆက်စပ် သတင်းများ