သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

NLD ၏ တိုင်းရင်းသားပါတီ ၄၈ပါတီသို့ ကမ်းလှမ်းစာ ANP သို့မရောက်ရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ၂၃/၂ဝ၂ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းရင်းသားပါတီ ၄၈ ပါတီအား ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေး ဖော်ဆောင်ရာတွင် ပူးပေါင်းပေါင်းပါဝင်ကြရန် ကမ်းလှမ်းသည့်စာမှာ ယခုအချိန်အထိ ရခိုင်အမျိုးသားပါတီ (ANP) သို့ရောက်ရှိခြင်း မရှိသေးဟု သိရသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ ဒီနေ့ထိတော့ အဲဒီစာက တရားဝင် ကျွန်တော်တို့ ပါတီဆီကို ရောက်ရှိလာတာမရှိသေးဘူး။ ဒီလို ကမ်းလှမ်းတဲ့ စာ NLD ကထုတ်တဲ့ဆိုတဲ့ သတင်းတော့ ရထားပါတယ်” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က  နိုဝင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြင့် “ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေးကိစ္စ”  ဟု ခေါင်းစဉ်ဖြင့်  တိုင်းရင်းသားပါတီ ၄၈ ပါတီကို ကမ်းလှမ်းခဲ့သည်။

NLD ၏ စာထဲတွင် "တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း” ဖော်ပြထားသည်။

“ ကျွန်တော်တို့က တရားဝင်စာမရောက်သေးတော့ ဘာမှ သဘောထားပေးလို့ မရသေးဘူး။ NLD ပါတီ  ပြောရေးဆိုခွင့်ရှိသူက မီဒီယာမှာ Unity Government ဆိုတဲ့ အသုံးအနှုန်းကို သုံးလာတာကိုလည်း တွေ့ရတယ်။ Unity Government ကို ဘယ်လိုပုံဖော်မလဲဆိုတာကတော့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အပေါ်မူတည်ပြီး စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်” ဟု ၎င်းက ပြောကြားသည်။

NLD ကမ်းလှမ်းစာထဲတွင် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင်  မိမိတို့ပြည်နယ်အသီးသီး၌ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အချို့သော ပြည်နယ်များတွင် တိုင်းရင်းသား ပါတီအချို့သည် ကျေနပ် ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သော ပါတီများသည် မိမိတို့၏ ရည်မှန်း ထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သည့်အခြေနေသို့ ရောက်သည် ဖြစ်စေ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း စာထဲတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ