အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှု တရားလိုပြသက်သေကို အွန်လိုင်းဖြင့် ရုံးထုတ်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 682

ချစ်အိလှိုင်
နိရဉ္စရာ၊ ဧပြီ၂၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ အမှုကို ယနေ့နံနက်က စစ်တွေမြို့နယ် တရားရုံးတွင် အွန်လိုင်းစနစ်ဖြင့် တရားလိုပြ သက်သေကို စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။
တရားလိုပြသက်သေဖြစ်သည့် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးဦးဝင်းမောင်ကို ဗီဒီယိုအွင်လိုင်းဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဦးညီပု၏ ရှေ့နေဖြစ်သူတရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ဦးငြိမ်းချမ်းက ပြောသည်။
သို့သော်လည်း ဦးညီပုနှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့်ကို မရ ရှိသေးကြောင်း၊ ဦးညီပုနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့် မရသရွှေ့ တရားခွင်တွင် တစ်စုံတစ်ရာ အပြန်အလှန် မေးခွန်းထုတ်သွားမည် မဟုတ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
“ကျွန်တော်တို့ဘက်ကတော့ဘာမှမပြောချင်ဘူး။ ရှေ့နေနဲ့အမှုသည် ဥပဒေနဲ့အညီတွေ့ရမှ ဆက်စစ် သွားမယ်။ ကျွန်တော်တို့ဖက်ကတော့ တစ်ခုမှ မမေးသေးဘူး။ သူတို့စစ်ရင်လည်းစစ်ပေါ့။ ကျွန်တော်တို့မှာ အမှုစစ်တာကို ကန့်ကွက်ခွင့်မရှိဘူး။သို့သော်ကျွန်တော်တို့ဟာ ပြန်လှန်မေးခွန်း မမေးဘူးပေါ့”ဟုပြောသည်။
လွန်ခဲ့သည့် ရုံးချိန်းနေ့ဖြစ်သည့် ဧပြီလ ၇ ရက်နေ့ကလည်း နိုင်ငံသား တစ်ဦးအခွင့်အရေးအရ ဦးညီပုနှင့် ရှေ့နေဖြစ်သူတို့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့ကြောင်း ဦးညီပု၏နောက်ထပ်ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ပြောဆိုသည်။
“ ဦးညီပုကို ဗွီဒီယိုအွန်လိုင်းကတွေ့ရပေမယ့် အနားမှာလူတွေ အများကြီး ရှိတယ်။ နောက်ပြီး လုံခြုံတဲ့နေရာ မဟုတ်ဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့မပြောဘူးပေါ့။ ဥပဒေမှာလည်း မရှိဘူးလေ” ဟု ပြောဆိုသည်။
ဦညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅ဝ၅(ခ)ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။
၄င်းအား လွန်ခဲ့သည့်ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ညအချိန်တွင် တပ်မတော်သားများက ဂွမြို့ရှိ ၄င်း၏နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိ ဦးညီပုရင်ဆိုင်နေရသည့် နို်င်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)မှာ ထောင်ဒဏ် ၂ နှစ်ထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။

ဆက်စပ် သတင်းများ