သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာတွင် စေတီတည်ရန်စုထားသည့် ငွေကျပ်သိန်း ၂ဝကျော် ဓားပြတိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.1k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ မေ ၁ဝ / ၂ဝ၂၁

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာတွင် စေတီတည်ရန်စုထားသည့် ငွေကျပ် သိန်း ၂ဝ ကျော် ယမန်နေ့ညက ဓားပြတိုက်ခံလိုက်ရကြောင်း သိရသည်။

 

အဆိုပါငွေကျပ်သိန်း ၂ဝ မှာ သင်္ဂနက်ကျေးရွာတွင် စေတီတည်ရန် ရွာသားများစု၍ ကောက်ခံထားသည့် ငွေဖြစ်ပြီး ယင်းကျေးရွာရှိ ဦးမောင်သန်း (၄၁ နှစ်)၏နေအိမ်တွင် အပ်နှံထားခြင်းဖြစ်သည်။

 

ယင်းသို့အပ်နှံထားရာ ယမန်နေ့ မေလ ၉ ရက်နေ့ ည ၉ နာရီကျော်အချိန်တွင် ဦးမောင်သန်း၏နေအိမ်သို့ အသက် ၂၅ နှစ်အရွယ်ခန့်ရှိသော အမည်မသိအမျိုးသားနှစ်ဦးက အိမ်ထဲသို့လာရောက်ပြီး ဓားပြတိုက်ယူဆောင်သွားခြင်းဖြစ်သည်ဟု ဦးမောင်သန်း၏အမျိုးသမီး ဒေါ်ဆန်းကျော့ဝင်း (၃၉ နှစ်)က နိရဉ္စရာသတင်းဌာနသို့ပြောသည်။

 

အဲဒီအချိန် ကျမယောက်ျားက ပိုက်သွားချနေတယ်လေ။ အဲဒီအချိန် အဲဒီလူနှစ်ယောက်က အိမ်နောက်ဖေးက ဝင်လာပြီး ကျမကို ဖမ်းချုပ်ပြီးတော့ အိမ်အောက်ထပ်ကိုခေါ်ပြီး ပါးစပ်ကို အဝတ်စနဲ့ထိုးထည့်ထားတယ်။ ပြီးတော့ ကျမကို ဗမာလိုလိုပြောတဲ့သူတစ်ယောက်က ဖက်ထားပြီး ရမ်းဗြဲစကားလိုပြောတဲ့သူကို ပစ္စည်းတွေရှာခိုင်းတယ်။ နှစ်ယောက်စလုံးမှာ ဓားနဲ့။ ကျမကို ဖက်ထားတဲ့သူကတော့ ဓားကို ကျမရင်ဘတ်ကို တေ့ထားတယ်။ စေတီတည်ဖို့ ရွာသားတွေအပ်ထားတဲ့ ပိုက်ဆံ သိန်း (၂ဝ)ကျော်တစ်ခုနဲ့ (၈)သိန်းတစ်ခုကို ကျမ ခေါင်းအုံးအောက်ကနေရတော့ သူတို့ ထွက်ပြေးကြတယ်။ ကျမလည်း ပိုက်ဆံကို လုတော့ သူတို့ဓားနဲ့လိုက်ခုတ်တော့ ထည့်ထားတဲ့ အိတ်စုတ်ပြဲသွားပြီး ၈ သိန်းက ကျမဆီကျန်ခဲ့တယ်။ သိန်း (၂ဝ)ကျော်က သူတို့နဲ့ပါသွားတယ်။ ကျမကို သူတို့ကန်ကျောက်ပြီးထားခဲ့တော့ ကျမလည်း မအော်နိုင်ဘဲ ကျန်နေခဲ့တယ်။ ပြီးတော့ သူတို့ဘယ်ဘက်ကိုထွက်ပြေးသွားလဲ ကျမလည်း မသိလိုက်ဘူး။ဟု ပြောသည်။

 

ဓားပြတိုက်သူနှစ်ဦးသည် ရှပ်အကျီ၊ စွပ်ကျယ်အကျီနှင့် ပုဆိုးတို့ကို ဝတ်ဆင်ထားကြပြီး သင်္ဂနက်ကျေးရွာသားများ မဟုတ်ဟုလည်း ဒေါ်ဆန်းကျော့ဝင်းက ပြောသည်။

 

ဒေါ်ဆန်းကျော့ဝင်း၏အမျိုးသား ဦးမောင်သန်းကမူ ယခုဖြစ်စဉ်တွင် ရွာသားတစ်ဦးဦး ပါဝင် ပတ်သက်မှုရှိနိုင်သည်ဟု ဆိုသည်။

 

ရွာက တစ်ယောက်ယောက်ပါလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဘာလို့ဆို လူစိမ်းတွေက ကျနော့်နာမည်နဲ့ ကျနော့်အိမ်မှာ ပိုက်ဆံစုထားတာတွေကို မသိနိုင်ဘူး။ အခုက ရွာထဲက သိတဲ့သူက သူတို့ကိုလမ်းညွှန်လိုက်လို့သာ ဒီလိုဖြစ်ရတာလို့ ယူဆပါတယ်။ဟု ပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန်အစီအစဉ်မရှိဘဲ ကိုယ်တိုင်စုံစမ်းဖော်ထုတ်သွားမည်ဟု သူက ပြောသည်။

ဆက်စပ် သတင်းများ