အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုကို ၅၀၅(ခ)အမှုအပြင် အဂတိကော်မရှင်ကလည်းစစ်ဆေးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ထက်အောင်

နိရဉ္စရာ၊ မေ ၁၈/ ၂၀၂၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ယနေ့ မေလ ၁၈ ရက်နေ့တွင်  စစ်တွေမြို့နယ် တရားရုံး၌ Video Conference စနစ်နှင့် ရုံးထုတ်ခဲ့ပြီး လာမည့် မေလ ၂၁ ရက်နေ့၌လည်း အဂတိမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရန်ရှိကြောင်း ရှေ့နေနှင့် သူ့မိသားစုထံက သိရသည်။

ဦညီပုကို စစ်တွေမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နှင့် ဖေဖော်ဝါရီလက တရားလိုလုပ်ကာ အမှုဖွင့်ခဲ့သည်။

သို့သော် လက်ရှိ စွဲဆိုထားသော အမှုနှင့် မသက်ဆိုင်ဘဲ ဂတိတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးရန်မှာ မည်သည့်အတွက်ကြောင့်ဆိုသည်ကို မသိရသေးဟု ၎င်းတို့က ပြောကြားသည်။

ယနေ့ စစ်ဆေးရာတွင် တရားလိုဖက်မှ လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်းအမှုကို လိုက်ပါဆောင်ရွက်နေသော သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ရှေ့နေထံက ပြောသည်။  

ဦးညီပုအား စွဲဆိုထားသည့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နှင့်ပတ်သက်၍ လိုပြသက်သေ (၅) ဦးရှိပြီး ယင်းအထဲက သက်သေ (၄) ဦးစစ်ဆေးပြီးဖြစ်ကြောင်းနှင့် နောက်ထပ် သက်သေ(၁) ဦးသာ စစ်ဆေးရန် ကျန်ရှိကြောင်း ၎င်းက ပြောသည်။

 ဒီနေ့ ရုံးချိန်းမှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုပြသက်သေ တစ်ယောက်ကို စစ်ဆေးတယ်။ လိုပြသက်သေကတော့ နောက်ဆုံးတစ်ယောက်ပဲ စစ်ဆေးဖို့ကျန်တယ်။ ကျန်တဲ့ (၄) ယောက်လုံးက စစ်ဆေးပြီးပြီဟုပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် တွေ့ခွင့်ရဖို့ မိသားစုဝင်များဖက်က တောင်းဆိုမှု ရှိသော်လည်း လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး တွေ့ခွင့်မပေးသေးကြောင်းနှင့် လက်ရှိမှာ သူ၏ကျန်းမာရေးကောင်း မွန်ကြောင်း ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

အခုလိုမျိုး မိသားစုဖက်က တောင်းဆိုမှုအခြေအနေနှင့် ဆက်စပ်ပြီး ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မကြည်ကြည်ဦးက “ ‘ဖေဖေနဲ့ လူချင်းတော့ အပြင်မှာ မတွေ့ရပါဘူး။ ကုန်ခဲ့တဲ့ တစ်ခေါက်က ရုံးချိန်းမှာ မေမေလိုက်ပြီးတော့ တွေ့ခွင့်တောင်းတယ်။ ဒါပေမယ့် လူချင်းတွေ့ခွင့်မရဘူး။ Video Conference နဲ့ပဲ ပြောခွင့်ရခဲ့ပါတယ်။ ဖေဖေနဲ့ တွေ့ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ပဲ ကျန်းကျန်းမာမာ ရှိလားဆိုတာ လူချင်းတွေ့ရရင်ပိုပြီး ကောင်းတာပေါ့။ အဝေးကပဲ နားထောင်နေရတော့ စိတ်ထဲမှာ သိပ်အဆင်မပြေဘူးဟု ပြောဆိုသည်။

ဦးညီပုဟာ ကျန်းမာရေးကောင်းမွန်သည်ဆိုသော်လည်း အရင်ကထက်ပိန်သွားကြောင်း မျက်မြင်တစ်ဦး၏ အပြောကို ကိုကားပြီး မကြည်ကြည်ဦးက ပြောပြသည်။

ဝန်ကြီးချုပ်ဟောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက ရုံးတင် စစ်ဆေးခြင်းဖြစ်ပြီး လက်ရှိ လိုပြသက်သေ (၄) ဦးစစ်ဆေးပြီးချိန်ထိ ရုံးချိန် အားလုံးပေါင်း (၈) ကြိမ်ရှိကြောင်း သူ၏ရှေ့နေက ဆိုသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) ပုဒ်မသည်ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ၅၀၅ (ခ) မှုကို လာမည့်  မေလ ၂၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သူ့ရှေ့နေထံမှ သိရသည်။

ဆက်စပ် သတင်းများ