တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရခိုင်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးခံထားရသူများနှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများ၏မိသားစုများကို ဝေဟင်အောင်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁ဝဝ ကျော်အသုံးပြုထောက်ပံ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k


အောင်ဇံ
နိရဥ္စရာ၊ သြဂုတ် ၂၈/၂၀၂၁
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့်လူပေါင်း ၂၀၀ ကျော်နှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူတို့၏ မိသားစုဝင်များကို ဝေဟင်အောင်ဖောင်ဒေးရှင်းက ယနေ့မှစတင်ကာ ထောက်ပံ့ပေးနေသည်ဟု သိရသည်။
ကိုဗစ်ကာလ လူသားချင်းစာနာသောအားဖြင့် မိသားစုတစ်စုလျှင် ငွေကျပ်ငါးသောင်းကျပ်စီဖြင့် ယနေ့ သြဂုတ်လ ၂၈ ရက်မှစတင်ကာ ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဝေဟင်အောင်ဖောင်ဒေးရှင်းတည်ထောင်သူ စာရေး ဆရာဝေဟင်အောင်က ပြောသည်။
''အခုက ကိုဗစ်ကာလလည်းဖြစ်တယ်။ အဖမ်းခံထားရသူတွေမှာ အိမ်ထောင်ဦးစီးတွေလည်း ပါတယ်။ မိဘကိုလုပ်ကျွေးနေတဲ့သူတွေလည်း ပါတယ်။ ဒီလူတွေအဖမ်းခံထားရတော့ မိသားစုတွေ တစ်စုံတရာ ခက်ခဲမယ်လို့ ကျနော်တို့ သုံးသပ်ရတယ်ပေါ့။ ဒါကြောင့် တစ်အိမ်ထောင်ကို ၅ သောင်းစီ ထောက်ပံ့မယ်လို့ ဆုံးဖြတ်တာပါ'' ဟု နိရဥ္စရာသို့ပြောသည်။
ဝေဟင်အောင်ဖောင်ဒေးရှင်း၏ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြင့်ဖမ်းဆီးခံထားရသူ ၂၀၁ ဦးနှင့် ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ ၂၁ ဦးထိရှိသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ကျောက်ဖြူထောင်တွင် ၇၆ ဦး၊ စစ်တွေထောင်တွင် ၆၄ ဦး၊ မြောက်ဦးအချုပ်တွင် ၄၇ ဦး၊ သံတွဲထောင်တွင် ၉ ဦး၊ ဘူးသီးတောင်ထောင်တွင် ၅ ဦး အထိရှိသည်ဟု စာရင်းတွင်ဖော်ပြထားသည်။
အလားတူ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ ၂၁ ဦးတွင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက ၁၈ ဦး၊ အမ်းမြို့နယ်၊ ဒလက်ချောင်း အလယ်ကျွန်းရွာက ၁ ဦး၊ မြေပုံမြို့နယ် ယောချောင်းရွာသာယာမှ ၂ ဦးတို့ပါဝင်ကြောင်း ဆရာဝေဟင်အောင်ကပြောသည်။
''အစိုးရဖက်က ULA/AA ကို အကြမ်းဖက်က ပယ်ဖျက်ထားတာကြာပြီ။ လေးငါး ခြောက်လရှိနေပြီ။ အကြမ်းဖက်နဲ့တရားစွဲထားတဲ့ လူတွေကို လွှတ်ဖို့အချိန်တန်နေပါပြီ။ ဒီလူတွေကို ဖမ်းထားတာလည်းကြာတော့ မိသားစုတွေလည်း ခက်ခဲနေကြပြီ''ဟု ဆရာဝေဟင်အောင်က ဆိုသည်။
ယခုထောက်ပံ့ငွေများမှာ ဝေဟင်အောင်ဖောင်ဒေးရှင်းသို့ ပြည်တွင်းပြည်ပရောက် စေတနာရှင်များက ထည့်ဝင်လှူဒါန်းထားသောငွေများမှ ထုတ်နုတ်လှူဒါန်းနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံထားရသူ ဦးထွန်းကြည်ဇနီး မခင်မိုးနွယ်က'' ထောက်ပံ့ကြေးငါးသောင်း ရထားပါတယ်။ အခုလိုထောက်ပံ့ပေးတာ ကျေးဇူးတင်ပါတယ်။ ကျမယောက်ျားကိုတော့ အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ ကျွန်မတို့လည်း အရမ်းခက်ခဲနေပါပြီ''ဟု နိရဥ္စရာကို ပြောသည်။
လက်ရှိအချိန်တွင် အိမ်ထောင်စု ၁၂၀ သို့ ထောက်ပံ့ငွေပေးအပ်ထားပြီး မရရှိသေးသူများအနေဖြင့်လည်း ဖုန်းနံပါတ် - ၀၉၄၀၁၀၄၄၃၉၀၊ ၀၉၄၂၀၆၈၆၂၇၂ သို့ ဆက်သွယ်ထုတ်ယူနိုင်ကြောင်း သိရသည်။
Photo- Wai Hum Aung

ဆက်စပ် သတင်းများ