တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရက်ပေါင်း (၉ဝ)ကြာဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဦးအေးထွန်းလူမှုကွန်ရက်မှတဆင့် တောင်းပန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၂၉ / ၂ဝ၂၁
ရက်ပေါင်း (၉ဝ)ကြာဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်တွေမြို့မှ ဦးအေးထွန်း(ခေါ်)ဦးအေးထွန်းဘုသည် ရက္ခိုင့်တပ်တော်(AA)၏ ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့်တကွ ရခိုင်ပြည်သူတစ်ရပ်လုံးကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် တောင်းပန်စကားပြောဆိုလိုက်သည်။
ယနေ့ သြဂုတ်လ ၂၉ ရက်၊ နေ့လယ် ၃ နာရီအချိန်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် live လွှင့်ကာ တောင်းပန်စကားပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခင်က AA အကြောင်းကို ရှင်းရှင်းလင်းလင်းမသိခဲ့သည့်အတွက် ခေါင်းဆောင်များနှင့်တကွ တပ်ဖွဲ့ဝင်များအပေါ် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရှင်းရှင်းလင်းလင်းသိမြင်သွားရပြီဖြစ်သည့်အတွက် AA ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များကို လေးစားပြီး တောင်းပန်သည်ဟု ဆိုသည်။
အလားတူ ရခိုင့်နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများကိုလည်း လေးစားပြီး ပြောမှားဆိုမှားများရှိခဲ့မှုများအပေါ် ခွင့်လွှတ်နားလည်ပေးကြဖို့ကိုလည်း ဦးအေးထွန်းက မေတ္တာရပ်ခံခဲ့သည်။
“အဲလိုအမှားကြီးမှားခဲ့တာတွေကိုလည်း ကျနော် နောက်ထပ်ဆက်ပြီး မမှားတော့ပါဘူး။ လူကြီးတွေကိုလည်း တွေကိုလည်း မစော်ကားတော့ပါဘူး။ AA တပ်တော်ရဲ့ တပ်ချုပ်ကပင်အစ၊ ဖွဲ့စည်းထားတဲ့ ရဲဖော်တို့အားလုံးကိုလည်း လေးစားပါတယ်။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေကိုလည်း လေးစားပါတယ်။ ကျနော်က ပြောမှားဆိုမှားတွေက အများကြီးရှိခဲ့တာကိုး။ အဲဒါတွေအတွက်လည်း ကျနော့်ကို ခွင့်လွှတ်ပေးကြပါ။ ရခိုင်ပြည်သူတစ်ရပ်လုံးကိုလည်း ကျနော်က အနူးအညွတ်တောင်းပန်ပါတယ်။ ကိုယ်ပြောမှားဆိုမှားတွေကိုလည်း ခွင့်လွှတ်ပေးကြပါ။”ဟု ဆိုသည်။
ဦးအေးထွန်းသည် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် AA နှင့်တကွ ရခိုင့်နိုင်ငံရေးပါတီများ၊ ရခိုင်ပြည်သူများကို အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်စာများရေးသား၍ လူသိများလာသူတစ်ဦးဖြစ်သည်။
ယင်းသို့ ဝေဖန်တိုက်ခိုက်နေမှုကြောင့် သူ့ကို ပြီးခဲ့သည့် မေလ ၃ဝ ရက် နေ့လယ် ၂ နာရီခန့်က ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် မိသားစုဝင်များနှင့်အတူသွားရောက်ပြီး အပြန်တွင် စစ်တွေမြို့၊ တရားသီးစုရပ်ကွက်ရှိ ဒေသန္တရဆေးခန်းရှေ့၌ အမည်မသိလူတစ်စုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“အခုုလို ခေါ်ယူထိန်းသိမ်းလိုက်တာ ကျနော် အရမ်းကျေနပ်ပါတယ်။ အကျေနပ်ကြီးကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်က သောက်စားမူးယစ်မှုလွန်ကဲပြီးတော့ ပေါက်ကရသုံးဆယ် လျှောက်ပြောတာတွေမှာ အရမ်းလွန်ပြီးတော့ ပြောတာတွေရှိတယ်မလား။ ဥပမာ AA တပ်တော်က ခေါင်းဆောင်တွေကို မထီလေးစားပြောတာတွေ၊ လူကြီး လူကြီးမှန်းမသိ။ လူငယ်လည်း လူငယ်မှန်းမသိ။ နောက်ပြီး ပါတီနိုင်ငံရေးသမားခေါင်းဆောင်ကြီးတွေ၊ ပါတီနိုင်ငံရေးက အကြီးအကဲတွေကို မထီလေးစား၊ အားမနာ အားမကျိုး ပေါက်ကရသုံးဆယ် လျှောက်ပြောနေခဲ့တာကိုးကျနော်က။ အဲလိုမျိုး စည်းမဲ့ကမ်းမဲ့ပြောနေတဲ့တစ်ယောက်ကို လွှတ်ထားပြန်ရင်လည်း ပိုပြီးတော့ စည်းမဲ့ကမ်းမဲ့ ပြီးတော့ ဖြစ်လာမယ်လေ။ ဆိုတော့ အဲဒါကို အချိန်မီ အခုလို ခေါ်ယူထိန်းသိမ်းလိုက်တော့ ကျနော့်အတွက် ဆင်ခြင်ဖို့ သိပ်ရသွားပါပြီ။”ဟုလည်း ဦးအေးထွန်းက ပြောသည်။
လက်ရှိတွင် လွတ်လွတ်လပ်လပ်နေရပြီး ကျန်းမာရေးလည်း ကောင်းမွန်နေသည့်အကြောင်း၊ မိသားစုနှင့်လည်း ဆက်သွယ်ခွင့်ရသည့်အကြောင်း၊ မိသားစုထံမှ စားစရာများမှာယူစားသောက်ခွင့်လည်းရကြောင်း၊ မကြာမကြာလည်း လူမှုကွန်ရက်မှတဆင့် Live လွှင့်ကာ စကားပြောခွင့်ရရှိဦးမည်ဖြစ်သည့်အကြောင်း ပြောဆိုသွားခဲ့သည်။
မည်သည့်အချိန်တွင် လွတ်မြောက်လာမည်ဆိုသည်ကို ဦးအေးထွန်းက ပြောဆိုသွားခြင်းမရှိခဲ့ပါ။
သူ၏အစ်ကိုဖြစ်သူ ဦးစောမောင်ကိုဆက်သွယ်မေးကြည့်သော်လည်း ဦးအေးထွန်း၏ live ကို သူ မကြည့်ရသေးသလို ဦးအေးထွန်းနှင့်လည်း သူ အဆက်အသွယ်မရှိဟု ပြောသည်။
“သူ့မိန်းမနဲ့ဆက်သွယ်ခိုင်းတာထင်တယ်။ ကျနော်လည်း မသိဘူး။ ကျနော်လည်း မေးကြည့်လိုက်မယ်လေ။”ဟု ဆိုသည်။
ဦးအေးထွန်းသည် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ချင်းပျံလမ်းတွင် မိသားစုနှင့်နေထိုင်နေခဲ့ရာမှ ယခုကဲ့သို့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံနေရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ