တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်ရှိ အောက်စီဂျင်စက်ရုံ စတင်လည်ပတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2k

သ ဉ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁/ ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ တောင်ကုတ်ဆေးရုံကြီးတွင် တည်ဆောက်ထားသည့် အောက်စီဂျင်စက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစက်ရုံရှိ အောက်ဆီဂျင်စက် ၂ လုံးထဲမှ တစ်လုံးကို ယမန်နေ့ သြဂုတ်လ ၃၁ ရက်မှ စတင်လည်ပတ်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့မိမြို့ဖ ဦးကျောက်တောင်က နိရဥ္စရာသို့ ပြောသည်။
“မနေ့က စပြီး အောက်စီဂျင်စက်လည်နေတာပါ။ စက်က ၂ လုံးမှာ ၁ လုံးက လွန်ခဲ့တဲ့ ၃ ရက်နေ့က ရောက်တယ်။ မနေ့က စပြီးလည်ပတ်တယ်။ ထုတ်လုပ်တဲ့ အောက်စီဂျင်တွေကို ဆေးရုံတွေကို၊ လူနာတွေကိုလှူမှာပါ။ စက်နောက်တစ်လုံးက ရန်ကုန်ဆိပ်ကမ်းရောက်နေပြီလို့ကြားတယ်။”ဟု ပြောသည်။
၎င်းစက်ရုံရှိ စက်တစ်လုံးစီမှ တစ်နေ့လျှင် အောက်စီဂျင် ၄ဝ လီတာဆံ့ အလုံး ၈၀ ထုတ်လုပ်ပေးနိုင်မည်ဟုလည်း သိရသည်။
အဆိုပါ အောက်စီဂျင်စက် ၂ လုံးကို ရွှေမေတ္တာဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးခင်မောင်ဝင်းနှင့် ဒေါ်စိုးမိုးသူတို့က လှူဒါန်းထားခြင်းဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၁၆၅ဝ ကုန်ကျခဲ့ကြောင်း သိရသည်။
အလှူရှင် ဒေါ်စိုးမိုးသူက “ကျမတို့ တောင်ကုတ်မြို့သူ၊ မြို့သားတွေရဲ့အခက်ခဲတွေကို ကူညီပေးချင်လို့ လှူဒါန်းဖြစ်တာပါ။ စက်က တရုတ်ကမှာထားတာပါ။”ဟု ပြောသည်။
တောင်ကုတ်မြို့တွင် သြဂုတ် ၃၁ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၁၉ဝ ဦးနှင့် သေဆုံးသူ ၆၂ ဦးအထိ ရှိလာနေသည်ဟု ပြည်နယ်အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ - စတင်လည်ပတ်နေပြီဖြစ်သည့် တောင်ကုတ်အောက်ဆီဂျင်စက်ရုံအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ