တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် တောင်ကုတ်မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခံရ၍ နစ်နာမှုရှိနေဟု ဇနီးဖြစ်သူပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၂၀/ ၂၀၂၁
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၏ ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်သည့်အတွက် နစ်နာမှုရှိသည်ဟု ဇနီးဖြစ်သူက ပြောသည်။
ဦးအောင်ဝင်းနိုင်ကို ယနေ့ စက်တင်ဘာ ၂၀ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းရှိသော်လည်း စစ်ဆေးခြင်းမရှိခဲ့သည့်အတွက် နစ်နာမှုရှိနေသည်ဟု ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးက နိရဥ္စရာကိုပြောသည်။
ဒေါ်တွယ်တာစိုးက “ဒီနေ့မစစ်ဖြစ်လို့တော့ ပြောတယ်။ ရုံးမစစ်တော့ ရက်ကြာရှည်ပြီး နစ်နာတယ်။ မတရားဖမ်းဆီးခံထားရပြီးတော့ ဘာတစ်ခုမှ ရုံးမထုတ်၊ ရုံးမစစ်တော့ အဖမ်းခံထားရသူမှာ နစ်နာတာပေါ့။ ပြစ်မှုမထင်ရှားရင်တော့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။” ပြောသည်။
ကိုဗစ်ကာလဖြစ်သည့်အတွက် ယနေ့ရုံးထုတ်စစ်ဆေးခြင်းမရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့တွင်စစ်ဆေးမည်ဆိုသည်ကိုလည်း မသိရသေးဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ ပြောသည်။
“ဒီနေ့ရုံးထုတ်မယ်လို့တော့ အရင်ကပြောတယ်။ ဒါပေမဲ့ အမှုကတော့ တစ်ခုမှမစစ်ဖြစ်သေးဘူး။ ရုံးချိန်းစစ်မယ်လို့ ပြောထားပေမဲ့ အမှုတွေကတော့ မစစ်ဘဲရပ်ထားသေးတယ်။ ကိုဗစ်ကြောင့် ရုံးချိန်းတွေ ရပ်ထားပြီး ဘယ်နေ့စစ်မလဲဆိုတာ မပြောတတ်သေးဘူး”ဟု ပြောသည်။
ဦးအောင်ဝင်းနိုင် (၄၁ နှစ်)နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သောကြောင့်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ သြဂုတ်လ ၉ ရက်တွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်ဟု သိရသည်။
မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
ဓာတ်ပုံ - တရားစွဲခံထားရသည့် ဦးအောင်ဝင်းနိုင်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ